မက်ဒရစ်ဒါဘီပွဲ မတိုင်မီ အသင်းဟောင်းအတွက် ကြယ်တစ်ပွင့်ကို အတွင်းအား မြှင့်တင်ပေးခဲ့တဲ့ ရော်နယ်ဒို
|ယမန်နေ့ညက ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲ မတိုင်ခင်မှာ ခရစ္စတီယာနို ရော်နယ်ဒို က သူ့ဆီကို ဖုန်းခေါ်ဆိုခဲ့ပြီး အားပေးစကား ပြောကြားခဲ့တယ်လို့ ဗင်နီရှပ်ဂျူနီယာက ပြောဆိုခဲ့ပါတယ်၊ သူ့ရဲ့ ကခုန် အောင်ပွဲခံမှုကြောင့် လူမျိုးရေး ခွဲခြားခံရမှုတွေကို ရင်ဆိုင်နေရပြီး ဖိအားတွေ ရှိနေတဲ့ ဗင်နီရှပ်က
အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်းကြီးဆီကနေ စိတ်ခွန်အား ရစေမယ့် အားပေးမှုကို လက်ခံရရှိခဲ့တာလည်း ဖြစ်ပါတယ်၊ ဒါဘီပွဲမှာ ကခုန် အောင်ပွဲခံရင်တော့ ပွဲကြမ်းသွားလိမ့်မယ်လို့ အေတီကိုအသင်းခေါင်းဆောင် ကိုကီက ပြောဆိုထားခဲ့လို့လည်း မက်ဒရစ်ဒါဘီပွဲက ပိုပြီး ရုပ်လုံးကြွခဲ့ပါတယ်။
ဒါ့အပြင် ဗင်နီရှပ်ကလည်း ဘယ်လို အခြေအနေတွေ ဖြစ်ဖြစ် သူ့ရဲ့ အောင်ပွဲခံဟန်ကို လုံး၀ လက်လျှော့မှာ မဟုတ်ဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့တာကြောင့် မက်ဒရစ်ဒါဘီကို စောင့်ကြည့်နေခဲ့တဲ့သူတွေ အများကြီးရှိနေခဲ့ပါတယ်၊ ဗင်နီရှပ်က- ခရစ္စတီယာနိုက ကျနော့်ကို ဖုန်းခေါ်ဆိုခဲ့ပြီး ဒါဘီပွဲမှာ ကျနော် ကံကောင်းစေဖို့ အတွက် ဆုတောင်းအားပေးခဲ့ပါတယ်။
သူ မက်ဒရစ်ဒါဘီ ပွဲစဥ်တွေကို ကြည့်နေတုန်းပဲလို့ ပြောဆိုခဲ့ကြောင်း တွစ်တာအကောင့်တခု ဖြစ်တဲ့ Ok pal က ဖော်ပြထားတာကို တွေ့ရှိခဲ့ရပါတယ်၊ ရော်နယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ်မှာ ၉ နှစ်ကြ ာကစားခဲ့ပြီး အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အားပေးစကားပြောဆိုခဲ့မှုက ဗင်နီရှပ် အတွက် တော်တော်လေးတော့ တန်ဖိုးရှိခဲ့မှာ သေချာပါတယ်၊ မက်ဒရစ်ဒါဘီပွဲမှာ ဗင်နီရှပ်က ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းဖော်ရိုဒရိုင်ဂို ဂိုးသွင်းခဲ့ချိန်မှာတော့ အတူတူကခုန် အောင်ပွဲခံခဲ့ပြီး လူမျိုးရေး ခွဲခြားခံနေရမှုတွေ၊ မကခုန်ဖို့ အတွက် ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာတွေကို လက်တုံ့ပြန်နိုင်ခဲ့ပြီး ရီးရဲလ်ကလည်း နိုင်ပွဲရခဲ့တာကြောင့် ကျေနပ်ဖွယ်ရာဖြစ်ခဲ့ရပါတယ်။
credit