ပြိုင်ဘက် အသင်းတွေ အတွက် အိုးလ်ထရက်ဖို့ဒ်က သားရဲတွင်း ဖြစ်နေပြီလား ဆိုတာ ထုတ်ပြောလိုက်တဲ့ မာတီနက်ဇ်
|Manchester United ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် က လက်ရှိအချိန်မှာ အိုးထရက်ဖို့ဒ်ကို လာရောက် ကစားမယ့် အသင်းတွေ အတွက် အကြောက်တရား ရိုက်သွင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီအစ အဖွင့် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်
ပွဲစဥ် အားလုံးမှာ နိုင်ပွဲရရှိခဲ့ပါတယ်။ အသင်းကလည်း အမှတ်ပေးဇယား ထိပ်ပိုင်းကို ဖြည်းဖြည်းချင်း တက်လှမ်းလာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နောက်တန်းက မာတီနက်ဇ် အပါအဝင် မာလာစီယာ၊ ဗာရန်း၊ ဒါလော့ တို့ကလည်း အကောင်းဆုံး ပုံစံတွေ ပြသနေကြပါတယ်။ အထူးသဖြင့် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူး၊ အာဆင်နယ် တို့ကို
အနိုင်ရရှိခဲ့တာက မန်ချက်စတာ ယူနိုက်တက် အတွက် ယုံကြည်ချက် ပိုမိုရှိစေခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းရဲ့ အနေအထားနဲ့ ပတ်သက်လို့ မာတီနက်ဇ်က- အစပိုင်းမှာတော့ ကျနော်တို့ အနေအထားက မကောင်းမွန်ခဲ့ပါဘူး၊ ကျနော်တို့ လိုချင်တဲ့ ပုံစံမျိုးလည်း မဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့် ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီးမှာ ကျနော်တို့ ဦးတည်ချက်တွေကို
ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်၊ ကျနော်တို့ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီနောက် လီဗာပူးနဲ့ ပွဲမှာ ကျနော်တို့ အံ့အားသင့်ဖွယ် ကောင်းအောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီး နောက်ပိုင်း ပွဲစဥ်တွေမှာ ပုံံစံကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်၊ ခင်ဗျားတို့ အခု ဒါကို မြင်တွေ့နိုင်ပါပြီ၊ ပွဲစဥ်တိုင်း ပွဲစဥ်တိုင်းမှာ အသင်းက
တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ၊ ဒါက မန်ချက်စတာ ယူနိုက်တက်ပဲလေ၊ မဟုတ်ဘူးလား? အခု အိုးလ်ထရက်ဖို့ဒ်က ပြိုင်ဘက်တွေ အတွက် သရဲတွင်း ဖြစ်နေပါပြီ။ ပြိုင်ဘက် အသင်းတွေက ကျနော်တို့ ကွင်းမှာ လာကစားမယ် ဆိုရင် သူတို့ရဲ့ စိတ်ထဲမှာ မလွယ်ကူဘူး ဆိုတာကို သေချာပေါက် ခံစားနေရဖို့ လိုအပ်တာပေါ့၊ အခုတော့ သူတို့ ဒီလိုခံစားနေရပြီ
ဆိုတာကို ကျနော်တို့ ကောင်းကောင်း သိနေပါပြီ။ သူတို့ ကြောက်ရွံ့ တုန်လှုပ်နေကြပါတယ်။ အသင်းဖော် အချင်းချင်းကြား ချိတ်ဆက်မှုတွေကလည်း အံ့အားသင့်စရာပါပဲ၊ လီဗာပူး၊ အာဆင်နယ် တို့နဲ့ ပွဲတွေမှာ ကျနော်တို့ ပုံစံကောင်းပြသနိုင်ခဲ့တယ်ထင်ပါတယ်” လို့ အာဂျင်တိုင်သား လီဆန်ဒို မာတီနက်ဇ် က ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
credit