အာလုံးကို အံ့အားသင့်စေခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်မှ ထူးထူးခြားခြား အချက် ၆ ချက်

0
693

မန်ချက်စတာဒါဘီ ပွဲစဉ်ကတော့ ဟာလန်းရဲ့ ကြုံးဝါးသံတွေနဲ့ အတူ အပြာရောင်တွေ လွှမ်းခြုံခဲ့ပြီး အဆုံးသတ် သွားခဲ့ပါပြီ၊ 6-3 ဆိုတဲ့ ရလဒ်ဟာ ပထမပိုင်းမှာတင် 4 ဂိုးပြတ်ရှုံးနေတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို အတိုင်းအတာ တခုအထိ ဖြေသိမ့်နိုင်စေခဲ့မှာပါ။ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် ဟာ မန်စီးတီးလို အသင်းမျိုးကို ယှဉ်တုဖို့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ် ဆိုတာ




အာဆင်နယ်၊ လီဗာပူး တို့ကို နိုင်ခဲ့တာတွေက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောဖို့ စောနေသေးတာတွေကို ပြလိုက်တာပါပဲ၊ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ အဆင့် 1 က အာဆင်နယ် နောက်ကို ခြေသံပြင်းပြင်းနဲ့ ထပ်ချပ်မကွာ လိုက်လို့ နေပါပြီ၊ ခြေတလှမ်း မှားရင်တော့ အာတီတာတို့ အစားခံရမှာပါပဲ။ ဒီ မန်ချက်စတာဒါဘီမှာ ဘာတွေ စိတ်ဝင်စားစရာတွေ များခဲ့ပါတယ်၊ ဟာလန်း အကြောင်းချည်း ပြောရင်တောင် တမျက်နှာ မကပါဘူး၊ အခုလည်း ဟာလန်းနဲ့ပဲ စဖွင့်လိုက်ကြရအောင်ပါ။




(1) ရွှေဖိနပ်မှာအမည်တခြမ်း ရိုက်လိုက်တဲ့ နော်ဝေသား

ပရီးမီးယားလိဂ်ပွဲစဉ် (10) တောင် မရောက်သေးပေမယ့် ဟာလန်းက 14 ဂိုး သွင်းထားပြီးပါပြီ၊ ဒီဘက်နှစ်တွေမှာ ပြန်ကြည့်လိုက်မယ် ဆိုရင် 25ဂိုးက ရွှေဖိနပ်ဆုကိုရဖို့ အလားအလာ ကောင်းတဲ့ အရေအတွက်ပါပဲ၊ အခု ဟာလန်း
က 8 ပွဲ ကစားအပြီးမှာ အဲ့ဒီအရေအတွက်ရဲ့ ထက်ဝက်ကို ကျော်လွန်သွားခဲ့ပါပြီ၊ သူ့နောက်က ဒုတိယအများဆုံးသူက အခုမှ ၇ ဂိုးပဲ ရှိသေးတာပါ၊ အူစိန်ဘော့နဲ့ ကောလိပ်ကျောင်းသားတွေ အပြေးပြိုင်သလို ဖြစ်နေပါပြီလို့ ပြောရင် လွန်လွန်ကြူးကြူး ဖွဲ့ဆိုတာများ ဖြစ်သွားလေမလား။




(2) မှတ်တမ်းကောင်းတွေ ရယူသွားပြန်တဲ့ ဟာလန်း

မန်ချက်စတာဒါဘီ က ဟက်ထရစ်ဟာ ဟာလန်းကို တကယ်ကောင်းတဲ့ မှတ်တမ်းတခု ရရှိစေခဲ့ပါတယ်၊ အဲ့ဒါကတော့ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံးသော အိမ်ကွင်း 3 ပွဲဆက် ဟက်ထရစ်ရှင် ဖြစ်လာခဲ့တာပါ၊ ဒါတင်မကပါဘူး၊ ဟာလန်းဟာ အခုဆိုရင် ရော်နယ်ဒိုရဲ့ ပရီးမီးယားလိဂ် ဟက်ထရစ် အရေအတွက်နဲ့ တူညီ သွားခဲ့ပါပြီ၊ ရော်နယ်ဒိုဟာ အင်္ဂလန်မြေပေါ်မှာ 7 နှစ်ကျော်ကစားပြီး ဟက်ထရစ် 3 ကြိမ်သာ ရခဲ့ပါတယ်၊ ဟာလန်းအတွက်တော့ 8 ပွဲသာ လိုအပ်ခဲ့တာပါ၊ နောက်ပိုင်းမှာလည်း ဟာလန်းတယောက် ဘယ်လိုမျိုး ဂိုးသွင်း စံချိန်တွေကို ချိုးဖျက်ဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။




(3) ထင်မှတ် မထားတဲ့ ဟက်ထရစ်ရှင်

ဟာလန်း ခြေစွမ်းပြ ဂိုးသွင်းတာက ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး၊ ဒီစူပါစတား ဒီလိုလုပ်နေတာ ဖြစ်လေ့ဖြစ်ထပါ၊ ထူးဆန်းတာက ဖီးလ်ဖိုဒန် ဟက်ထရစ် သွင်းနိုင်ခဲ့တာပါပဲ၊ မန်စီးတီးကို ဟာလန်း ရောက်လာစတုန်းက ဖိုဒန်ဟာ သူတွဲကစားချင်တဲ့သူ တယောက် ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်၊ အခုညမှာတော့ ဖိုဒန် အတွက် 2 ဂိုးကို ဟာလန်းက ဖန်တီးပြီး သက်သေထူသွားခဲ့ပါပြီ၊ နောက်ပိုင်းမှာ သူတို့ နှစ်ယောက် အကြားက တွဲလုံးတွေ အချိတ်အဆက်တွေကို ပိုမြင်ရနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။




(4) အောက်တိုဘာလနဲ့ လမိုင်းမကပ်တဲ့ မန်ချက်စတာ ယူနိုက်တက်

မနှစ်က အောက်တိုဘာလမှာ မန်ချက်စတာ ယူနိုက်တက် တို့ လီဗာပူး ကို 5-0 နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်၊ အိုလေဂန်နာ ဆိုးရှားကို နှုတ်ဆက်သွားရစေတဲ့ ဒီပွဲကို အားလုံးမှတ်မိနေကြဦးမှာပါ၊ အခုလည်း အောက်တိုဘာလမှာပဲ မန်ချက်စတာ ယူနိုက်တက် တို့ ဂိုးဒါဇင်ဝက်ပေးပြီး ရှုံးခဲ့ပြန်ပါပြီ၊ လွန်ခဲ့တဲ့ 2011 က မန်စီးတီးကို 6-1 နဲ့ ရှုံးတာလည်း ဒီ အောက်တိုဘာမှာပါပဲ၊ အောက်တိုဘာဟာ မန်ယူ ပြက္ခဒိန်ထဲကနေ ဆွဲဆုတ်ထားချင်တဲ့ လ ဖြစ်နေမှာ သေချာနေပါပြီ။




(5) ချီးကျူးရမယ့် ပက်ဂွာဒီယိုလာ နဲ့ သင်ယူရဦးမယ့် အဲရစ် တန်ဟက်ဂ်

လူစာရင်းထွက်လာတုန်းက ကွင်းလယ်မှာ အမာခံ အဖျက်သမား ရိုဒရီ မပါခဲ့တာ အဓိက ခံစစ်မှူးအတွဲ ဖြစ်တဲ့ စတုန်းနဲ့ ဒီယာ့ဇ် တို့ကို ပွဲမထုတ်ခဲ့တာတွေကို ကြည့်ပြီး ဒီတစ်ပွဲတော့ ပက်ဂွာဒီယိုလာ တလွဲ လုပ်မိပြီလားလို့ ထင်မှတ်သူတွေ ရှိခဲ့ကြပါတယ်၊ ဒါပေမယ့် တကယ် ကစားချိန်မှာတော့ မန်စီးတီးဟာ ပက်ဂွာဒီယိုလာရဲ့ ဖျော်ဖြေမှုအသားပေး တိုက်စစ်ကစားပုံနဲ့ မန်ချက်စတာ ယူနိုက်တက် ကို လှုပ်မရအောင် ဖိကစားသွားခဲ့ပါတယ်။




မန်စီးတီးရဲ့ ဂိုးတွေအားလုံးမှာ ဖန်တီးချက်တွေပါခဲ့ပြီး တကယ်ကို ကောင်းမွန်တဲ့ တိုက်စစ်ချိတ်ဆက် ကစားပုံတွေကို အစ်တီဟတ်မှာ ပြသသွားခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကို ရောက်လာတာ မကြာသေးတဲ့ အဲရစ် တန်ဟက်ဂ် ကတော့ ပရီးမီးယားလိဂ် ဆိုတာ ပရီးမီးယားလိဂ်က အသင်းတွေ ဘယ်လိုဆိုတာတွေကို သင်ယူရဦးမှာပါ၊ ဒီပွဲက အဲရစ် တန်ဟက်ဂ် ရဲ့ လူထုတ်ပုံက ရိုးရှင်းပြီး ဗျူဟာကလည်း မန်စီးတီးကို ဘယ်လိုမှ မခြောက်လှန့် နိုင်ခဲ့ပါဘူး၊ အဲရစ် တန်ဟက်ဂ် အချိန်ယူရဦးမှာတော့ အသေအချာပါပဲ။




(6) ဒီဂီယာကို နှုတ်ဆက်ချိန် တန် နေပြီလား

မန်စီးတီးရဲ့ 6 ဂိုးမှာ မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာရဲ့ အားနည်းချက်တွေ ပါသင့်သလောက် ပါခဲ့ပါတယ်၊ အထူးသဖြင့် ရှေ့တက်ထောက်လို့ ရတာတွေကို မလုပ်ခဲ့တာတွေက မော်ဒန် ဂိုးသမားတွေရဲ့ ပညာရပ်တွေကို မတတ်မြောက်ဘူး ဆိုတဲ့ ဝေဖန်မှုတွေ မှန်ကန်ကြောင်း ထပ်ပြီး သက်သေပြလိုက်သလိုပါပဲ၊ ရာသီအကုန်မှာ စပိန်သားကို မန်ချက်စတာ ယူနိုက်တက် က စာချုပ်သစ် မချုပ်ဖို့ စိတ်ကူးနေတာတွေက တကယ် ဖြစ်လာဖို့ များနေပါပြီ။

ဒီဂီယာ ကာကွယ်မှုတွေ လုပ်နိုင်ရင်တောင်မှ ဒီပွဲကို မန်ချက်စတာ ယူနိုက်တက် တို့ ရှုံးဦးမှာပါ၊ ခြေက ကွာလွန်းပါတယ်၊ ဒါကို သံသယ ဖြစ်ဖို့ မလိုပါဘူး၊ ဒါပေမယ့် ယူနိုက်တက် တို့ ပိုကောင်းတဲ့ ဂိုးသမား၊ မော်ဒန်ကစားကွက်နဲ့ ကိုက်ညီမယ့် ဂိုးသမားသစ် တစ်ယောက်တော့ လိုအပ်နေပြီဆိုတာ အခုပွဲက ထပ်ပြီး အချက်ပြသွားခဲ့တာပါ။

credit