အိုမိုနီးယားနဲ့ ယူရိုပါလိဂ် ပွဲစဉ်မှ မန်ချက်စတာ ယူနိုက်တက် ကစားသမားများရဲ့ စွမ်းဆောင်ရည်အပေါ် သုံးသပ်ကြည့်ခြင်း
|မန်ချက်စတာ ယူနိုက်တက် ဟာ ပြိုင်ဘက်အသင်း ကောင်းရင် လိုက်ကောင်းမလား ဆိုတာ မသေချာပေမယ့် ပြိုင်ဘက်အသင်း ညံ့ရင် လိုက်ညံ့တဲ့ အသင်းဆိုတာကတော့ သေချာနေပါပြီ၊ မနေ့ညက ပွဲစဥ်မှာ ရက်ဖိုဒ့်နဲ့ မာစီရယ်တို့သာ ဆိုက်ပရပ်စ်ကို လိုက်မလာဖြစ်ခဲ့ရင် ဘယ်လောက်ထိ ဆိုးရွားခဲ့မယ်ဆိုတာ တွေးတောင် မတွေးရဲစရာပါပဲ။
အိုမိုနီးယားဟာ UEFA Cup ဘ၀တုန်းက အာဆင်နယ်၊ မန်စီးတီး အသင်းတို့နဲ့ တွေ့ခဲ့ဖူးပါတယ်၊ နှစ်သင်းလုံးကို နှစ်ကျော့လုံး ရှုံးခဲ့တာပါ၊ အခုတော့ အင်္ဂလိပ်ကလပ် တသင်းနဲ့ ၅ ကြိမ်မြောက် အတွေ့မှာ အမှတ်ယူနိုင်ဖို့ လက်တလုံးအလိုထိ သူတို့ ရောက်ရှိခဲ့ပါတယ် တစ်ပွဲလုံး ဖိကစားပေမယ့် ဂိုးကံခေတာ၊ ပေါ့ဆမှုကနေ ဂိုးပေးရတာ မန်ချက်စတာ ယူနိုက်တက် ကို ဆိုက်ပရပ်စ် မြေမှာ ခက်ခဲစေခဲ့တာပါ၊လူစားလဲ မှန်ကန်မှုကိုတော့ အသိအမှတ် ပြုရမှာပါပဲ။
ရော်နယ်ဒိုကတော့ ဒီနေ့ပွဲမှာ အတော်လေးသနားစရာ ကောင်းခဲ့ပါတယ်၊ ဂိုးရချင်လွန်းသူ၊ ဂိုးကံခေလွန်းသူအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနိုင်ပွဲဟာ မန်ချက်စတာ ယူနိုက်တက် ကို ၆ မှတ်ရသွားစေပြီး နောက်တဆင့်တက်ဖို့ အလားအလာ ကောင်းစေခဲ့ပါတယ်၊ ပွဲစဉ်လေးမှာ အိုမိုနီးယားကို ထပ်မံအနိုင် ကစားခဲ့ပြီး တဘက်မှာ ရှရစ်က
ဆိုဆီဒက်ကို ထပ်ရှုံးမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် အတွက် ရှုံးထွက် လက်မှတ်က သေချာသလောက် ဖြစ်သွားမှာပါ၊ ခြေကတော့ အားရစရာ မရှိပါဘူး၊ ဒီပုံစံနဲ့ တနင်္ဂနွေနေ့ ညမှာ အဲဗာတန်ကို ဘယ်လို ကစားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ မနေ့ညက ဘယ်သူတွေ ဘယ်လောက်ကောင်းခဲ့ပြီး ဘယ်သူတွေ ဘယ်လောက် ညံ့ခဲ့ကြသလဲ?
ဒီဂီယာ– (၅) ဘောလုံးပိုင်ဆိုင်မှု ၈၀ % လောက်နဲ့ အသာရနေတဲ့ ပွဲ တစ်ပွဲမှာ ဒီဂီယာ အတွက်တော့ လုပ်စရာ သိပ်မရှိခဲ့ပါဘူး၊ ဒါပေမယ့် နှစ် လုံးလာ နှစ်လုံး ဂိုးဆိုတဲ့ အနေအထားက စပိန်သားကို အမှတ် လျော့ချင်စရာပါပဲ။
ဒါလော့- (၅) ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ရှေ့နောက် အတက်အဆင်းလုပ်ပြီး ကစားခဲ့ပါတယ်၊ ဒါပေမယ့် ကျေနပ်လောက်စရာ ခြေစွမ်းမျိုး မတွေ့ခဲ့ရပါဘူး။
လင်ဒီလော့ဖ်- (၆) ဗာရန်းနေရာကို အစားဝင်ခဲ့ပေမယ့် ဗာရန်းလောက် ကျေနပ်မှု မပေးနိုင်ခဲ့ပါဘူး၊ မာတီနက်ဇ်နဲ့ အတွဲ သိပ်မမိခဲ့တာက လွဲရင် မနေ့ညကပွဲမှာ ဆွီဒင်သားကို ပြောစရာ သိပ်မရှိခဲ့ပါဘူး။
မာတီနက်ဇ်- (၈) ပထမပိုင်း မန်ချက်စတာ ယူနိုက်တက် ရဲ့ အကောင်းဆုံး တိုက်စစ် ကစားသူ၊ ဒုတိယပိုင်းမှာ မာစီရယ်ရဲ့ ဂိုးအတွက် အစပြုပေးခဲ့သူ ဖြစ်ခဲ့ပါတယ်၊ မိနစ် ၉၀ ခြုံကြည့်မယ် ဆိုရင် မာတီနက်ဇ်က ပုံစံအကောင်းဆုံး ဖြစ်ခဲ့တဲ့သူပါ။
မာလာစီယာ- (၃) မနေ့က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြဿနာအားလုံးရဲ့ အစပြုခဲ့သူပါ၊ ပေါ့ဆလွန်းတဲ့ လုပ်ရပ်ကနေ အိုမိုနီးယားကို အဖွင့်ဂိုး ရစေခဲ့သလို ပထမပိုင်း တပိုင်းလုံးလည်း အားရစရာ မရှိခဲ့ပါဘူး၊ မိနစ် ၉၀ သာ ဆက်ထားရင် နယ်သာလန်သားရဲ့ အညံ့ဆုံးပွဲတောင် ဖြစ်သွားနိုင်ပါတယ်။
ကက်စမဲရိုး- (၆) ဒီပွဲဟာ ဘာကြောင့် ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းလာတဲ့ ဝါရင့်ကြီးကို အဲရစ် တန်ဟက်ဂ် ပွဲမထုတ်သေးတာလဲ ဆိုတာ ကောင်းကောင်း သိမြင်သွားစေပါတယ်၊ ရီးရဲလ် ပရိသတ်တွေကတော့ ဒီတစ်ယောက်က ငါတို့ ကက်စမဲရိုး မှ ဟုတ်ပါလေစလို့ ထင်နေမိမှာပါ။
အဲရစ်ဆင်- (၆) နှလုံးခွဲစိတ်ပြီး စက်တပ်ထားရသူ တစ်ယောက်ဆီက အဲရစ် တန်ဟက်ဂ် ဘာတွေ မျှော်လင့်နေတာလဲ? တရာသီလုံး ပွဲစေ့ ကစားဖို့လား? အဲရစ်ဆင်က လူပါ၊ စက်ရုပ် မဟုတ်ပါဘူး၊ ဒီပွဲမှာ အဲရစ်ဆင် ခြေမပေါ်ခဲ့တဲ့ ကိစ္စမှာ တန်ဟတက်ဂ်ရဲ့ တာဝန်တွေ အများကြီးပါ။
အန်တိုနီ- (၅)၁-၀ နဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးကို အံ့သြစရာကောင်းတဲ့ ဆုံးဖြတ်ချက်နဲ့ ဖြုန်းတီးပစ်ခဲ့တယ်၊ လှပတဲ့ ကန်ချက် ကာကွယ်ခံရတယ်ဆိုတာ ကလွဲရင် မနေ့ညက ပွဲမှာ ဘရာဇီးသားရဲ့ ဆမ်ဘာတေးသွားတွေက တိပ်သားကြေနေတဲ့ တိပ်ခွေ တခုလိုပါပဲ။
ဖာနန်ဒက်စ်- (၆) ဒီတစ်နှစ်တော့ ဖာနန်ဒက်စ် တယောက် ယူရိုပါလိဂ်မှာပါ မကောင်းပြ နိုင်တော့ပါဘူး၊ ကန်ချက် တကြိမ် ဂိုးဘားထိတာက လွဲရင် မနေ့ညကပွဲမှာ လောက်လောက် လားလား မစွမ်းနိုင်ခဲ့ပါဘူး၊ ဒါကြောင့်လည်း မာစီရယ်နဲ့ လူစားလဲ ခံခဲ့ရတာပါ။
ဆန်ချို- (၃) မနေ့ညက အသင်းရဲ့ အဆိုးရွားဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်၊ အင်္ဂလိပ် သုံးသပ်သူတွေက ပြန်ပြီးဝေဖန်ရတဲ့ အထိပါပဲ၊ သူ့ရဲ့ အဆင့်၊ သူ့ရဲ့ အနေအထားနဲ့ ဆိုရင် ဒီပွဲမှာ ထွန်းတောက်နေရမှာပါ၊ အခုလို ပုံစံမျိုးနဲ့ကတော့ အင်္ဂလန်လက်ရွေးစင် အိပ်မက်က ရွှေပြည်တော် မျှော်တိုင်းဝေး နေဦးမှာ ဖြစ်ပါတယ်။
ရော်နယ်ဒို– (၆) ရော်နယ်ဒို ယတြာချေဖို့ လိုနေတာလား? တသင်းလုံး ဝိုင်းဖန်ပေးနေတာတောင်မှ ဂိုးမရခဲ့ပါဘူး၊ ဂိုးသမား မရှိတဲ့ ဂိုးကို ကပ်ပြီး သွင်းတာတောင်မှ တိုင်ပြေးမှန်လိုက်ပါသေးတယ်၊ ကောလိုက်တဲ့ ကံ လို့တောင် ဆိုရမှာပါ၊ ဟာလန်း သာ ဆိုရင် ၃၆ ဂိုးလောက် ရနေပြီဆိုတဲ့ မန်ချက်စတာ ယူနိုက်တက် ဖန်တွေရဲ့ မှတ်ချက်စကားတွေထဲမှာ ကရုဏာရသတွေ အပြည့်အ၀ ပါနေမှာ အသေအချာပါပဲ။
လူစားဝင် ကစားသမားများ –
ရက်ဖိုဒ့်– (၈) ချေပဂိုး သွင်းတယ်၊ တတိယဂိုးကို သွင်းတယ်၊ မာစီရယ်ရဲ့ ဂိုးကို ဖန်တီးပေးတယ်၊ ဒီတပတ် ယူရိုပါလိဂ်ရဲ့ အကောင်းဆုံး ကစားသမား စကာတင်မှာပါတဲ့ အထိ ရက်ဖိုဒ့် ရဲ့ ၄၅ မိနစ်တာ ကစားချိန်ဟာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်၊ တန်ဟက်ဂ် အတွက်ရော အသင်းအတွက်ပါ အားတက်စေခဲ့တဲ့ ကိစ္စပါ။
မာစီရယ်– (၈) လူစားဝင်ပြီး တစ်မိနစ် အကြာမှာပဲ အရေးပါတဲ့ ၂-၁ ဂိုးကို သွင်းပေးခဲ့ပါတယ်၊ တိုက်စစ်မှူး လိုအပ်နေတဲ့ အဲရစ် တန်ဟက်ဂ် အတွက် ခြေစမ်းပွဲ သူရဲကောင်းကြီး ပြန်ပါလာနိုင်တာ အားဆေးတခွက် ဖြစ်စေခဲ့မှာပါ။ လုခ်ရှော- ၆၊ ဖရက်ဒ်– ၆၊ တော်မီနေး- ၆ တို့ပဲ ဖြစ်ပါတယ်။
credit