ဒီတပါတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ခန့်မှန်းပေးလိုက်တဲ့ ပေါလ်မာဆင်

ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ဆယ်ဂဏန်းမြောက်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်၊ ဒီတပတ်မှာတော့ အဆင့် (၁) က အာဆင်နယ်နဲ့ လီဗာပူးလ်၊ ဂူဒီဆင်ပါ့ခ်က အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်၊ အဆင့် (၄) က ဘရိုက်တန်နဲ့ အဆင့် (၃) က စပါး တို့ဖြစ်ပြီး ပရိသတ် စိတ်ဝင်စားတဲ့ ပွဲစဉ်များလည်း ဖြစ်ပါတယ်။




ဟာလန်း ဘယ်နှစ်ဂိုး သွင်းမလဲ ဆိုတာကလည်း အပတ်စဉ် ခန့်မှန်းရတဲ့ မေးခွန်းတခု ဖြစ်လာသလို ဒဏ်ရာက ပြန်လာတဲ့ မာရှယ်က ဘယ်နှစ်ဂိုး သွင်းပြီး ရက်ရှ်ဖို့ဒ်ရဲ့ တိုးတက်လာနိုင်မှုက အတားအဆီးတိုင်းကို ချိုးဖျက် ဖောက်ထွက် သွားလေမလား ဆိုတာကလည်း ပရိတ်သတ်တွေရဲ့ သိချင်စိတ်မှာ တရိပ်ရိပ် မြင့်တက်လာနေတာကို တွေ့ရပါတယ်။

ဒါကြောင့် ဒီတပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဥ်တွေ အတွက် ဘောလုံး ဂုရုကြီး ပေါလ်မာဆင်ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။




(၁) အဲဗာတန် – မန်ချက်စတာ ယူနိုက်တက်

အဲဗာတန် ပုံစံပြန်မှန်လာပါပြီ၊ လမ်းပတ် ပုံသွင်းနေတဲ့ အတိုင်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီလို့ ပြောရမှာပါ၊ ဒါကြောင့် ဒီတစ်ပွဲ သူတို့ မန်ချက်စတာ ယူနိုက်တက် ဆီက အမှတ်ခွဲယူ နိုင်မယ်လို့ ထင်‌နေမိတယ်။ မန်ချက်စတာ ယူနိုက်တက် အတွက် မေးချင်တာက ရော်နယ်ဒိုကို အခုပွဲမှာ တန်ဟက်ဂ် က အခွင့်အရေး ပေးဦးမလား ဆိုတာပါ၊ ကျွန်တော်တော့




မထင်ပါဘူး၊ မန်စီးတီးနဲ့ ပွဲတုန်းက ရော်နယ်ဒိုရဲ့ ဂုဏ်ကို ငဲ့ပြီး လူစားလဲ မထည့်ခဲ့တာလို့ တန်ဟက်ဂ် က ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တော့ ဂုဏ်သိက္ခာဟာ တန်ဟက်ဂ် ပထမ ဦးစားပေး စဉ်းစားတဲ့ အရာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်၊ အခုပွဲလည်း ရော်နယ်ဒို အရန်ခုံမှာပဲ ရှိနေမှာပါ၊ ဒါပေမယ့် ဒါက ရလဒ်ကို ဘယ်လိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူးလို့ ပေါလ်မာဆင်က ခန့်မှန်းသွားခဲ့ပါတယ်။

ခန့်မှန်းချက်- အဲဗာတန် ၁ – ၁ မန်ချက်စတာ ယူနိုက်တက်




(၂) မန်ချက်စတာ စီးတီး – ဆောက်သမ်တန်

ဘယ်နှစ်ဂိုး ကြိုက်လဲလို့ မေးရမှာပါ၊ ကျွန်တော့အထင် ၄-၀ ပါပဲ၊ ချန်ပီယံလိဂ်တုန်းက ၄၅ မိနစ် အနားရခဲ့တာက ဟာလန်း အတွက် လုံလောက်တဲ့ အားဖြည့်မှု ဖြစ်စေခဲ့ပါတယ်၊ အရှိန်ဟုန်းဟုန်း တောက်လောင်နေတဲ့ ဒီဂိုး မီးတောက်ကို ဘယ်အရာကမှ လက်ရှိမှာ ငြိမ်းသတ်နိုင်မှာ မဟုတ်ပါဘူး။ ဟတ်ဆန်ဟော့ရဲ့ ဆောက်သမ်တန်က လေးစားစရာ ကစားပုံ ရှိပါတယ်။




ဒါပေမယ့် လေးစားတာက (၃) မှတ်နဲ့ အချိုးမကျပါဘူး၊ ကမ္ဘာ့အကောင်းဆုံး ဖြစ်ချင်တဲ့ ဟာလန်း၊ ဂိုးစံချိန်တွေကို ချိုးဖျက်ဖို့ စိတ်ဆန္ဒ ပြင်းပြနေတဲ့ ဟာလန်းကြောင့်ပဲ အခုပွဲက ထိန်းမနိုင် သိမ်းမနိုင်တွေ ထပ်မြင်ရဦးမှာပါ။

ခန့်မှန်းချက်- မန်စီးတီး ၄ – ၀ ဆောက်သမ်တန်




(၃) ချဲလ်ဆီး – ဝုဗ်

ချဲလ်ဆီးက ပေါ်တာ စိတ်တိုင်းကျ မဖြစ်သေးပါဘူး၊ ချန်ပီယံလိဂ်မှာ သူတို့ နိုင်ခဲ့တာက အေစီမီလန် အစစ် မဟုတ်ပါဘူး၊ ဒါပေမယ့် အနိုင်က အနိုင်ပါပဲ၊ ပူဘာမီယန်းက အသင်းသစ်မှာ စပြီး နေရာယူလာပါပြီ၊ အခုပွဲလည်း သူ့ကို ဟာဗက်၊ မောင့် တို့ထက် ပိုအားကိုးရမှာပါ။ ဝုဗ်က နည်းပြသစ် မရသေးဘဲ ဖွဲ့စည်းပုံ ပျက်နေမှာပါ၊ ချဲလ်ဆီးတို့ နိုင်ဖို့ သေချာသလောက် ရှိပါတယ်၊ ဂိုးတော့ အများကြီး မရလောက်ပါဘူး၊ ကော်စတာရဲ့ အိမ်ပြန်ခရီးက မုဒိတာပွားစရာ ဖြစ်လာမှာပါ။

ခန့်မှန်းချက်- ချဲလ်ဆီး ၂ – ၀ ဝုဗ်




(၄) ဘရိုက်တန် – စပါး

အာဆင်နယ်ကို ရှုံးတယ်၊ ဖရန့်ဖတ်နဲ့ ဂိုးမရှိ သရေကျတယ်၊ စပါးရဲ့ လက်ရှိ ပုံစံက မကောင်းတဲ့ ဘက်မှာ တည်ငြိမ်နေပါတယ်၊ အခုသူတို့ ရင်ဆိုင်ရမယ့် ဘရိုက်တန်က သူတို့ထက် ပုံစံ ပိုမှန်နေတဲ့ အသင်းပါ၊ ဒီရာသီမှာ ကူလူဆက်ဗ်စကီးကို သိပ်မသုံးတာ စပါးကို အားနည်းစေတာပါပဲ။ သူ ကွင်းထဲမှာ ရှိနေရင် စပါးတို့ ကစားပုံ ပိုကောင်းပါတယ်။




ရစ်ချာလီဆင်လည်း ကောင်းပေမယ့် ကူလူဆက်ဗ်စကီးနဲ့ စဖွင့်ပြီး ပြိုင်ဘက်တွေ ပန်းမှ ရစ်ချလီဆင်ကို ပြေးခိုင်းတာက ပိုပြီး ထိရောက်နိုင်မယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ တည်ငြိမ်တဲ့ ဘရိုက်တန်ရဲ့ ကစားပုံကို စပါး ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ကွန်တီမှာ ခံစစ်နဲ့ ပတ်သက်ပြီး တိုက်စစ်မှာ ဘယ်သူတွေကို

မှန်မှန်ကန်ကန် သုံးရမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြဿနာ နည်းနည်း ရှိနေတယ်လို့ ထင်ပါတယ်၊ ပုံစံမှန်နေတဲ့ အသင်းနဲ့ မသေချာမရေရာတဲ့ အသင်းတို့ ကစားတဲ့ပွဲမှာ ဘာကြောင့် ကျွန်တော်က အိမ်ရှင်ကို အလေးမပေးဘဲ နေရမှာလဲ။

ခန့်မှန်းချက် – ဘရိုက်တန် ၂ – ၀ စပါး




(၅) အာဆင်နယ် – လီဗာပူး

ဒီတစ်ပွဲက စပါးနဲ့ ကစားရတာထက် ပိုခက်မှာပါ၊ ဘာလို့လည်း ဆိုတော့ ဒါဘီပွဲ မဟုတ်လို့ ပါပဲ၊ တကယ်လို့ ဒီပွဲကို အာဆင်နယ် နိုင်မယ်၊ ကမ္ဘာ့ဖလား မတိုင်ခင်ထိ မန်စီးတီးနဲ့ ဒီလိုပုံစံ အထက်အောက် အမှတ်အနည်းငယ်နဲ့ ဆက်ရှိနေမယ် ဆိုရင်တော့ သူတို့ကို ဒီနှစ် ပရီးမီးယားလိဂ် အတွက် ချန်ပီယံလောင်း တသင်းအဖြစ် သတ်မှတ်ရတော့မှာပါ၊ ဒီလို ဖြစ်ဖို့ဆိုရင်




လက်ရှိ အားကိုးရတဲ့ ကစားသမားတွေကို ကြံ့ခိုင်မှု ပြည့်အောင် လုပ်ပေးထားဖို့ လိုပါမယ်၊ အသင်းမှာ အာတီတာ အပေါ် ယုံကြည်မှု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေက မေးခွန်းထုတ်စရာ မလိုအောင် အဆင်ပြေ ကောင်းမွန်နေပါပြီ။ လီဗာပူးက ချန်ပီယံလိဂ်မှာ ရိန်းဂျားစ်ကို နိုင်ထားပါတယ်၊ သက်တောင့်သက်သာ နဲ့ပါ၊ ဒါပေမယ့်

အာဆင်နယ်က ရိန်းဂျားစ် မဟုတ်သလို လီဗာပူးရဲ့ ပုံစံ မတည်ငြိမ်မှု ကလည်း အခုပွဲကို အာဆင်နယ်ဘက် အလေးပေးဖို့ တွန်းအားပေး နေသလိုပါပဲ၊ အာဆင်နယ် ကို ပိုကြိုက်မိပါတယ်၊ ဒါပေမယ့် စပါးနဲ့ ပွဲကလောက် မသေချာပါဘူး၊ သရေ ဖြစ်ရင်ဖြစ် မဖြစ်ရင် အာဆင်နယ် နိုင်ချေများပါတယ်။

ခန့်မှန်းချက်- အာဆင်နယ် ၂ – ၁ လီဗာပူး

အခြားပွဲစဉ်များအတွက် ခန့်မှန်းချက်များ- နယူးကာဆယ် ၂-၁ ဘရန့်ဖိုဒ့်၊ ဘုန်းမောက် ၁-၃ လက်စတာ စီးတီး၊ ဝက်စ်ဟမ် ၂-၀ ဖူလ်ဟမ်၊ ခရစ္စတယ် ပဲလေ့စ် ၂-၀ လိဒ်၊ နော်တင်ဟမ် ဖောရက်စ် ၁-၂ အက်စတွန် ဗီလာ တို့ပဲ ဖြစ်ပါတယ်။

credit