အဲဗာတန်ကို အနိုင်ဂိုး သွင်းယူနိုင်ခဲ့ ရော်နယ်ဒို အတွက် မှတ်ချက်ပေးလိုက်တဲ့ တန်ဟက်ဂ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေကို ဆက်လက် မြင်ရမှာ ဖြစ်ကြောင်း ပွဲအပြီး ကြွေးကြော်သွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် ကစားရခက်တဲ့ အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဖွင့်ဂိုး ခွင့်ပြု ပေးခဲ့ရပေမယ့် အဓိကတိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ အန်တိုနီရဲ့ ချေပဂိုး၊ ရော်နယ်ဒိုရဲ့ အနိုင်ဂိုးတွေကြောင့် အဖိုးတန် နိုင်ပွဲ တစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။
အဲဗာတန် ၁-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က အဲဗာတန် ထက် ပထမပိုင်းမှာ ခြေစွမ်းပိုင်း အသာစီး ရခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိမ်ရှင် အဲဗာတန်က မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် ဒုက္ခပေးနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က နိုင်ပွဲရရှိရေး အတွက် ပွဲပြီးခါနီးမှာ ခံစစ်ကို အာရုံစိုက် ကစားသွားခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ကစားသမား ဘဝ ကလပ် သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့သလို ခြေစွမ်းကလည်း လက်ခံနိုင်စရာ အနေအထား တရပ်မှာ ရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် ကတော့ ဒီရာသီမှာ ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို ရယူနိုင်ခဲ့တဲ့
ရော်နယ် ဒိုဆီကနေ သွင်းဂိုးများစွာ ထပ်မံ မြင်တွေ့ရဖို့ ရှိကြောင်း ကြွေးကြော်သွားခဲ့ပါတယ်၊ တန်ဟက်ဂ် က- သွင်းဂိုး ၇၀၀ ပြည့်တယ် ဆိုတာ တကယ်ကို အထင်ကြီးစရာ ကောင်းတဲ့ မှတ်တမ်းပါ၊ ဒီနေ့ပွဲမှာ သူ့ရဲ့ ခြေစွမ်းက အတော်လေးကို ကောင်းခဲ့တာပါ၊ ကျွန်တော်က အခုလို အထင်ကြီးစရာ မှတ်တမ်းကောင်း တခုရခဲ့တဲ့ ရော်နယ်ဒိုကို ဂုဏ်ပြုချင်ပါတယ်။
ပြီးတော့ ဒီနေ့မှာ သူက သူ့ရဲ့ ဒီရာသီ ပထမဦးဆုံး ပရီးမီးယားလိဂ်သွင်းဂိုး ရခဲ့လို့ပျော်ပါတယ် သူက ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်ဖို့ စောင့်နေခဲ့ရတာပါ၊ အခု သူက ဂိုးရသွားပြီ ဆိုတော့ သူ့ဆီကနေ သွင်းဂိုးတွေ ဆက်တိုက်ကို လာပါတော့မယ်၊ ကျွန်တော်ကတော့ ကစားသမားတွေ အနေနဲ့ ယုံကြည်မှု ရဖို့ ဆိုရင် သွင်းဂိုးတွေ လိုအပ်တယ်လို့ ထင်ပါတယ်၊ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေရင်တောင်
ယုံကြည်မှု အတွက် သွင်းဂိုးတွေ လိုအပ်ပါတယ်၊ ကျွန်တော် တိုက်စစ်မှူးတွေ အများကြီးနဲ့ အလုပ်တွဲ လုပ်ဖူးပါတယ်၊ ဒါကြောင့် ရာသီတိုင်းမှာ တိုက်စစ်မှူးတွေက သွင်းဂိုးတွေ ရနေဖို့ လိုအပ်ပါတယ်၊ သွင်းဂိုးတွေ ရနေမှပဲ သူတို့ရဲ့ ခံစားချက်တွေ ပိုကောင်းလာပြီး ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်လာပါတယ်၊ အခုလည်း ဒီလိုပါပဲ၊ ရော်နယ်ဒိုရဲ့ ဂိုးတွေ ပြန်လာပါပြီ။ လို့ ပြောကြားသွားခဲ့တာပါ။
credit