စပါးနဲ့ ပွဲမပြီးခင် အဝတ်လဲခန်းဆီ ထွက်ခွာခဲ့မှုကြောင့် တန်ဟက်ဂ်နဲ့ ပြသနာတက်နေတဲ့ ရော်နယ်ဒိုကို အပြစ်ပေးမည်ဟု ဆို
|မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ယနေ့ နံနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ဝင်ခွင့်လုဘက် ဖြစ်တဲ့ စပါး အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ပွဲစဥ် မပြီးခင်မှာ ကွင်းထဲကနေ ထွက်ခွာသွားတဲ့
ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို အဲရစ် တန်ဟက်ဂ် က ယခုက စတင်ပြီး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်တော့မှာ ဖြစ်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ သူတို့ အသင်းရဲ့ အဓိက ပြိုင်ဘက်တွေထဲက တသင်း ဖြစ်တဲ့
စပါးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဖရက်ဒ်၊ ဖာနန်ဒက်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန်နိုင်ပွဲ တစ်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ၂-၀ စပါး ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ အတွင်း သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ထုတ်ပြနိုင်ခဲ့ပြီး
စပါး ဘက်ကို ပွဲစ ပွဲဆုံး တဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့် အမြောက်အမြားလည်း ရရှိခဲ့ပြီး အဓိက တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်မှုနဲ့ စပါး ဂိုးသမား လိုရစ်ရဲ့ လက်စွမ်း ကောင်းတွေကြောင့်သာ နှစ်ဂိုးထဲနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်၊ စပါးကို အနိုင်ရခဲ့တဲ့
ပွဲဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကျေနပ်စရာတွေ ပြည့်နေတဲ့ နိုင်ပွဲ တစ်ပွဲ ဖြစ်ခဲ့ပေမယ့် ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒို ရဲ့ ပွဲမပြီးခင် အသင်းရဲ့ အရန်ခုံကနေ ထကာ အဝတ်လဲခန်းထဲကို ဝင်ရောက်သွားတဲ့ ဖြစ်ရပ်ဟာ အတော်လေးကို ရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ် တခု ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ
အဲရစ် တန်ဟက်ဂ် ကတော့ သူဟာ ရော်နယ်ဒို ရဲ့ အသင်းဖော်တွေနဲ့ အသင်းကို မလေးစားတဲ့ လုပ်ရပ်အတွက် သေချာ ကိုင်တွယ်မယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က- ကျွန်တော်က ပွဲမပြီးခင် ရော်နယ်ဒို ကွင်းထဲကနေ ထွက်ခွာသွားတဲ့ အပြုအမူကို လုံးဝ မကျေနပ်ပါဘူး။
မနက်ဖြန် ဒီကစ္စကို ကိုင်တွယ် ဖြေရှင်းပါမယ်၊ ဒီနေ့တော့ မဟုတ်သေးပါဘူး၊ ကျွန်တော်က အသင်းအတွက်ပဲ အာရုံစိုက် ထားချင်ပါတယ်၊ ဒီနေ့ နိုင်ပွဲက ကွင်းထဲမှာ ရှိနေတဲ့ ကစားသမား ၁၁ ယောက်လုံး အပြင် အရန်ခုံမှာ ရှိနေတဲ့ ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်ရည်ကြောင့် ရလာတဲ့ နိုင်ပွဲပါ၊ ဒါက အသင်းလိုက် အောင်ပွဲလို့ ပြောလို့ရပါတယ်။
ဒီနေ့ကတော့ ကျွန်တော်တို့ရဲ့ နိုင်ပွဲ အတွက် အောင်ပွဲခံရမယ့် နေ့ရက်လေးပါ၊ သူ့ရဲ့ အပြုအမူ အတွက်တော့ မနက်ဖြန် ရှင်းပါမယ်၊ ဒီလို အပြုအမူက ခွင့်လွတ်နိုင်စရာ မရှိပါဘူး၊ သိပ် အရုပ်ဆိုးပါတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit