ရပ်ရှ်ဖို့ဒ် ဟာ ဂိုးကံခေတာ မဟုတ်ဘဲ ဦးနှောက်နည်းတာ ဖြစ်ကြောင်း ရှင်းပြလာတဲ့ အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း အွန်နရီ
|အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီ က မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ စပါး ပွဲမှာ ရပ်ရှ်ဖို့ဒ် တယောက် အပိုင် အခွင့်အရေးတွေ ဂိုးမဝင်ခဲ့တဲ့ အပေါ် ပြစ်တင်ဝေဖန် ပြောဆိုလိုက်ပါတယ်။ ဒီပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ပထမပိုင်းမှာ ကတည်းက
ပြိုင်ဘက် ဂိုးပေါက်ကို တရစပ် ခြိမ်းခြောက်ခဲ့ပြီး ရပ်ရှ်ဖို့ဒ် ကလည်း ဒီပွဲမှာ အပိုင် အခွင့်အရေး သုံးကြိမ်လောက် ရရှိခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီ အခွင့်အရေးတွေကို စပါး ဂိုးသမား လိုရစ်က ကာကွယ်နိုင်ခဲ့တာကြောင့် ရပ်ရှ်ဖို့ဒ် အတွက် ကံဆိုးခဲ့ရပါတယ်၊ ယခုတော့ အွန်နရီ က ဒီလိုမျိုး ရပ်ရှ်ဖို့ဒ်
ဂိုးမရခဲ့တဲ့ အပေါ် ကစားသမား အနေနဲ့ ဂိုးပေါက်ကို ကန်သွင်းတဲ့ နေရာမှာ ဦးနှောက်သုံးပြီး ကန်သွင်းတာမျိုး မရှိဘဲ အားကုန်ထုတ် ကန်သွင်းနေတာမျိုးကိုသာ ပြုလုပ်နေတယ်လို့ ယူဆနေပုံ ရပြီး အွန်နရီက အခုလို ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ခင်ဗျား ဂိုးပေါက်ကို ကြည့်လိုက်ပါ။
ပြီးမှ အဆုံးသတ်လိုက်၊ အတိအကျ ရအောင် လုပ်ပေါ့၊ အခုက အုန်းခနဲ ကန်ချလိုက်တယ်၊ ဘာကြောင့် ဒီလောက်တောင် ကန်နေရတာလဲ၊ ခြေခွင်နဲ့ အဆုံးသတ်လိုက်၊ ဂိုးတာပဲ နောက်ဆို ခင်ဗျား သိလာမယ်၊ အခုက သူ့အတွက် ကန်လိုက်တာ မှန်ကန်ပေမယ့် လိုရစ်က အကောင်းဆုံး ပြန်လည် တုံ့ပြန်နိုင်ခဲ့ပါတယ်လို့ ပြောကြားသွာခဲ့ပါတယ်။
ယခုလို အွန်နရီ ပြောဆိုမှု အပေါ် အီဗရာက- လူတိုင်းက ခင်ဗျား ဦးနှောက်လိုမျိုး မဟုတ်ဘူးလေ အွန်နရီ လို့ ဝင်ပြောခဲ့သေးပေမယ့် အွန်နရီက- မဟုတ်ပါဘူး ကျနော် သိပါတယ်၊ ဒါပေမယ့် ခင်ဗျားမှာလည်း ဦးနှောက်ရှိတာပဲလေ၊ ဦးနှောက်သုံးပေါ့လို့ ပြောကြားခဲ့ပါတယ်၊ ဒီပွဲစဥ်မှာ ရပ်ရှ်ဖို့ဒ်က ဂိုးမသွင်း နိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် ဖရက်ဒ်
ဘရူနို ဖာနန်ဒက်စ် တို့က ကိုယ်စီ ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်၊ အသက် ၂၄ နှစ်အရွယ် ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ ၅ ဂိုး သွင်းယူပေးထားပြီး ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် ကတော့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ရဲ့ ဒီရာသီ အလားအလာနဲ့ ပတ်သက်လို့ မျှော်လင့်ထားပြီး တရာသီ အတွင်း သွင်းဂိုး ၂၀ ထိ ရယူနိုင်ဖို့ ရပ်ရှ်ဖို့ဒ်ကို ပစ်မှတ်ထား ကြိုးစားခိုင်း ထားတယ်လို့ သိရှိရပါတယ်။
credit