လီဗာပူး တိုက်စစ်က လာတဲ့ ကန်သွင်းမှုတွေကို 7 ကြိမ်တိတိ ကာကွယ်ပြီး အငှားကစားနေတဲ့ နော်တင်ဟမ်ဖောရက်စ် ကို နိုင်ပွဲ ရယူပေးခဲ့တဲ့ ဒင်းဟန်ဒါဆန်
|Liverpool နည်းပြ ယာဂင် ကလော့ပ် ဟာ ဒီပွဲမှာ အာနိုးလ် ကို ထည့်မသုံးဘဲ ညာနောက်ခံလူ နေရာမှာ မီလ်နာ ကို အသုံးပြုသွားခဲ့ပါတယ်၊ ကွင်းလယ်မှာတော့ ကာတစ်ဂျုံးစ်၊ ဖာဘင်ဟို နဲ့ အီလီယော့ တို့ကို တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဆာလာ၊ ဖေမီနို၊ ကာဗယ်လ်ဟို တို့ကို ပွဲထွက်စေခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ် ကတော့ လင်ဂတ်၊ ကူယာတေး၊ အဝိုနီယီ၊ အော်ရီယာ၊ နီကိုဝီလီယံစ် နဲ့ ဒင်းဟန်ဒါဆန် တို့ကို အမာခံထားပြီး ပွဲထုတ်လာခဲ့ပါတယ်၊ ပွဲက ပထမပိုင်းမှာ တော်တော်လေး ပျင်းဖို့ကောင်းပြီး Liverpool ရဲ့ တိုက်စစ်ဆင်မှု အများစုဟာ စိတ်လှုပ်ရှားစရာ သိပ် မရှိခဲ့ပါဘူး။
ခြိမ်းခြောက်မှုတွေမှာ မထိရောက်ခဲ့သလို နော်တင်ဟမ်ဖောရက်စ် ရဲ့ တန်ပြန် တိုက်စစ်တွေကိုလည်း ပြန် သတိထားခဲ့ရပါတယ်၊ ပထမပိုင်းမှာတော့ နှစ်သင်းလုံး ဘာမှ ထွေထွေထူးထူး မလုပ်နိုင်ခဲ့ဘဲ ဂိုးမရှိ သရေ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်၊ ဒုတိယပိုင်းမှာလည်း လီဗာပူးတို့ တိုက်စစ် ဆင်ခဲ့ပေမယ့်
ကစားပုံရော အခွင့်အရေး ဖန်တီးမှု အပိုင်းမှာပါ ထက်မြက်မှု ပျောက်ဆုံးခဲ့ပြီး ဘာထိရောက်မှုမှ မရှိခဲ့ပါဘူး၊ ဒီလိုနဲ့ပဲ ပွဲကစားချိန် ၅၄ မိနစ်မှာတော့ လီဗာပူး တို့ ဂိုးပေးလိုက်ရပြီး ကံဆိုးမိုးမှောင် ကျခဲ့ရပါတယ်၊ အမှန်ဆို ဒီဂိုးကို အစပြုစေခဲ့တဲ့ ပြစ်ဒဏ်ဘော ကလည်း အပိုင် အခွင့်အရေး ဖြစ်နိုင်ခဲ့တဲ့ အလုံးပါ။
ဂိုးမက်ဇ် လူပေးမှားခဲ့ပြီး ပြိုင်ဘက်ကို ဆွဲချခဲ့တာက တဆင့် ကွင်းလယ်မှာ ပြစ်ဒဏ်ဘော ပေးခဲ့ရတာ ဖြစ်ပါတယ်၊ အဝိုနီယီ ရဲ့ ထပ်ဆင့် ပိတ်သွင်းမှုက ဒီ ပြစ်ဒဏ်ဘောကနေ တဆင့် မြစ်ဖျားခံခဲ့ပြီး ပထမအကြိမ် ပိတ်သွင်းမှုက တိုင်ထိခဲ့ပေမယ့် နောက်တကြိမ်မှာတော့ အဝိုနီယီရဲ့ ကန်ချက်က
အမှားအယွင်း မရှိခဲ့ဘဲ နော်တင်ဟမ်ဖောရက်စ် တို့ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိသွားခဲ့ပါတယ်၊ အဲ့ဒီ နောက်ပိုင်းမှာ လီဗာပူး တို့ ချေပဂိုး ရရှိဖို့ ကြိုးစားခဲ့ပေမယ့် ကစားပုံကလည်း ပုံမှန်အောက် အဆင့်မှာသာ ရှိနေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကနေ အငှားလာရောက် ကစားနေတဲ့ ဒင်းဟန်ဒါဆန် က
လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ် သွားခဲ့တာကြောင့် လီဗာပူး တို့ အဝေးကွင်းမှာ ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်၊ နော်တင်ဟမ်ဖောရက်စ် ဟာ ဒီပွဲမတိုင်ခင် အမှတ်ပေးဇယား အောက်ဆုံး ရောက်နေတဲ့ အသင်းဖြစ်ပြီး အခု လီဗာပူး ကိုနိုင်တဲ့ ပွဲကလည်း သူတို့အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။
credit