ရော်နယ်ဒို ဘာကြောင့် ပြသနာရှာနေရသလဲ ဆိုတာ ထုတ်ပြောလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဂျက်စတမ်း
|မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နယ်သာလန် အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ ဂျက်စတမ်းက မကြာသေးမီကပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ ကတောက်ကဆ ဖြစ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ အသင်းက ထွက်ချင်လို့
အခုလို ပြဿနာ တက်မယ့် လုပ်ရပ်တွေ ဆက်တိုက် လုပ်နေတာ ဖြစ်ကြောင်း ဝေဖန် သုံးသပ် ပြောဆိုလိုက်ပါတယ်၊ အသက် ၅၀ အရွယ် နယ်သာလန် ဂန္တဝင် နောက်ခံလူဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၁၉၉၈ ခုနှစ် ကနေ ၂၀၀၁ ခုနှစ်ထိ ကစားခဲ့သူ ဖြစ်ပြီး အသင်းနဲ့ သုံးရာသီသာ ကစားခဲ့ပေမယ့်
သူ့ရဲ့ ခံစစ်ကြောင်း အပေါ် လွှမ်းမိုးမှုတွေ၊ အသင်းရဲ့ အောင်ပွဲတွေ အတွက် အားသွန်ခွန်စိုက် ကြိုးစားပေးမှု တွေကြောင့် အသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တစ်ဦး ဖြစ်သလို အသင်းရဲ့ ဂန္တဝင် ကစားသမားတွေထဲက တဦး အဖြစ်ပါ သတ်မှတ်ခံ ထားရသူပါ၊ ဂျက်စတမ်းက မန်ချက်စတာ ယူနိုက်တက် နဲ့
သုံးရာသီ ကစားခဲ့ရာ ပရီးမီးယားလိဂ် ဆုဖလား သုံးကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ အက်ဖ်အေ ဖလား တစ်ကြိမ်နဲ့ အင်တာကွန်တီရှင်နယ် ဖလား တစ်ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်၊ တဖက်မှာတော့ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကလည်း မန်ချက်စတာ ယူနိုက်တက် ရဲ့
သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး ရော်နယ်ဒို က ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျူဗင်တပ် ကနေ မန်ချက်စတာ ယူနိုက်တက် ထံ တကျော့ပြန် ပြန်လည် ပြောင်းရွှေ့ လာခဲ့သူပါ၊ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် ထံ ပြန်လည်
ပြောင်းရွှေ့လာခဲ့ ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ရော်နယ်ဒို က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာကာ
ချန်ပီယံလိဂ် ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပြီး သူ့ကို ခေါ်ချင်တဲ့ ထိပ်သီးအသင်းတွေ မရှိခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် မှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်
နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ ရော်နယ်ဒို ရဲ့ ကြားထဲမှာ ဆက်ဆံရေး မကျေလည်မှုတွေ ရှိနေခဲ့ပြီး ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၀ စပါး ပွဲစဉ်မှာ ဆိုရင်လည်း ရော်နယ်ဒို ဟာ ပွဲမပြီးခင် ကွင်းထဲက ထွက်သွားခဲ့ပါတယ်၊ အဆိုပါ လုပ်ရပ်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် က
ရော်နယ်ဒို ကို အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းခွင့် ပိတ်တာ၊ ဒဏ်ကြေး ပေးဆောင်ခိုင်းတာတွေ လုပ်ကာ အပြစ်ပေး အရေးယူခဲ့ပြီး ဂျက်စတမ်းက ရော်နယ်ဒို အခုလို အသင်းကို အတိုက်အခံ လုပ်နေတာက အသင်းက ထွက်ချင်လို့ ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။ ဂျက်စတမ်းက-
ရော်နယ်ဒို ကွင်းထဲကနေ ထွက်သွားတာ ဟာ အသင်းနည်းပြ၊ အသင်းနဲ့ အသင်းမှာ ရှိတဲ့ လူတိုင်းကို မလေးစားတဲ့ လုပ်ရပ် တခု ဖြစ်ပါတယ်၊ ဒါက အတော်ကို ကြီးမားတဲ့ ကိစ္စရပ် တခုပါ၊ ပြီးတော့ သူက အခုလိုမျိုး ကွင်းထဲကနေ ထွက်သွားရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကောင်းကောင်း သိတဲ့ လူပါ။
ဒါကြောင့် ဒီလိုမျိုး လုပ်ရပ်တွေ လုပ်နေတာ ဟာ တခုခု ဖြစ်လာအောင်ပါ၊ အသင်းကနေ ထွက်ခွင့်ရအောင်ပေါ့ဗျာ၊ သူဒါကို ရည်ရွယ်ပြီး လုပ်နေတယ် ဆိုတာ သိသာစေပါတယ်၊ သူက သူလိုချင်တာ ရဖို့ အခုလိုမျိုး လုပ်နေတာ ဖြစ်ပါတယ်၊ ကျွန်တော်ကတော့ သူ့လို ကစားသမားမျိုးက ဒီလိုမျိုး လုပ်ခဲ့တာကို အခုထိ လက်ခံဖို့ ခက်ခဲနေတုန်းပါလို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit