အက်စတွန် ဗီလာ 3-1 မန်ချက်စတာ ယူနိုက်တက် ပွဲမှ ထူးထူးခြားခြား ပြောစရာများ
|အူနိုင်း အမ်မရီ နဲ့ အတွေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြိုင်ပွဲစုံ ၉ ပွဲ ဆက် ရှုံးပွဲ မရှိမှုဟာ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်၊ အိမ်ရှင် အသင်းဟာ အဖွင့်မိနစ် ၂၀ အတွင်းမှာတင် ၂ ဂိုး သွင်းကာ ပွဲကို ဦးဆောင် ထားနိုင်ခဲ့ပါတယ်၊ လုခ်ရှော က ပထမပိုင်း ပြီးခါနီးမှာ တစ်ဂိုး ပြန်ချေပခဲ့ပေမယ့်
ဒုတိယပိုင်း ပြန်အစ နောက်တစ်ဂိုး ထပ်မံ ပေးလိုက်ရပြီး အရှုံး ရလဒ်က ပြန်မလာ နိုင်တော့ပါဘူး၊ ဒီရှုံးပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း အဆင့် ၅ နေရာမှာပဲ ဆက်ရှိနေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ နီးကပ်မယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်၊ ဒီနေ့ပွဲမှာ မြင်တွေ့ ခဲ့ရတဲ့ စိတ်ဝင်စားစရာကတော့
(1) အမ်မရီ နဲ့ ဗီလာ၊ မန်ချက်စတာ ယူနိုက်တက် အဖြေထွက်အောင် တွက်တတ်တဲ့ ပုစ္ဆာများ
အူနိုင်း အမ်မရီ နဲ့ နောက်ဆုံး တွေ့ခဲ့စဥ်က မန်ချက်စတာ ယူနိုက်တက် ရှုံးခဲ့ပါတယ်၊ ယူရိုပါလိဂ် ဖိုင်နယ်မှာပါ၊ အမ်မရီ ရဲ့ ဗီလာ ရီးရဲလ် ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရတာပါ၊ အခုလည်း အမ်မရီ ကို အကြွေး ထပ်တင်ခဲ့ပြန်ပါပြီ။
လာမယ့် အပတ်ထဲမှာရော အမ်မရီ ရဲ့ ဗီလာ နဲ့ FA Cup ပွဲ ကစားဖို့ရှိပြီး ဘယ်လို ဖြစ်ဦးမယ် မသိပါဘူး၊ အက်စတွန် ဗီလာ ကလည်း မန်ချက်စတာ ယူနိုက်တက် ဆိုရင် ဒုက္ခပေးနေကျပါ၊ ခြေစမ်းပွဲ အပါအဝင် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ မန်ချက်စတာ ယူနိုက်တက် တစ်ကြိမ်ပဲ အနိုင်ရထားပါတယ်၊ နှစ်ကြိမ် ရှုံးပြီး
နှစ်ကြိမ် သရေ ကျထားတာပါ၊ မနှစ်က ဇန်နဝါရီ တုန်းက နှစ်ဂိုးပြတ် နိုင်ပြီးကာမှ နှစ်ဂိုးပြန်ပေးပြီး သရေကျတယ်၊ နွေရာသီ ခြေစမ်းပွဲ တုန်းကလည်း နှစ်ဂိုးစီ သရေ ကျခဲ့တာပါပဲ၊ လီယွန် ဘိုင်လီ၊ ဂျက်ကော့ ရမ်ဆေး တို့ ဆိုတာ မန်ချက်စတာ ယူနိုက်တက် ကို ဒုက္ခပေးနေကျ ကစားသမားတွေပါ၊ အခုပွဲလည်း သူတို့ နှိပ်စက်လို့ မန်ချက်စတာ ယူနိုက်တက် လက်ဗလာနဲ့ အိမ်ပြန်ခဲ့ ရပါပြီ။
(2) စာမေးပွဲ ကျခဲ့တဲ့ ဒွန်နီ ဗန်ဒီဘိခ်
ဒီနေ့ ပွဲစဥ်မှာ စာမေးပွဲ ကျခဲ့သူ အများကြီး ရှိပါတယ်၊ ဒီအထဲမှာ ဒွန်နီ ဗန်ဒီဘိခ် က အမှတ် အနည်းဆုံးပါ၊ ဘရူနို ဖာနန်ဒက်စ် ပွဲပယ် ခံရမှုက နယ်သာလန်သား စောင့်မျှော်နေတဲ့ အခွင့်အရေး ဖြစ်ခဲ့မှာပါ၊ ဒါပေမယ့် ဗန်ဒီဘိခ် တစ်ယောက် အခွင့်အရေးကို ပိုင်ပိုင် နိုင်နိုင် အသုံးမချ နိုင်ခဲ့ပါဘူး။ မန်ချက်စတာ ညနေခင်း သတင်းဌာနမှ ဖော်ပြတဲ့ Rating သတ်မှတ်ချက် အရ ဗန်ဒီဘိခ် ဟာ သုံးမှတ်သာ ရခဲ့ပါတယ်၊ တသင်းလုံးမှာမှ အနိမ့်ဆုံးပါ၊ ဗန်ဒီဘိခ် အတွက် အခွင့်အရေး ကုန်ဆုံးသွားပါပြီ၊ နောက်ထပ် ရှိလာဖို့ မလွယ်တော့ပါဘူး။
(3) အားနည်းနေတဲ့ အရန် လူစာရင်း
အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ပုံစံကောင်း ပြနေတဲ့ ပထမ အသင်းသားတွေ နဲ့ အရန်လူတွေ ကြားက ကွာခြားမှုကို ဒီနေ့ ပွဲမှာ ပြသွားခဲ့ပါတယ်၊ ဗန်ဒီဘိခ် တစ်ယောက်တင် မဟုတ်ပါဘူး၊ လင်ဒီလော့ဖ် ဟာလည်း ဗာရန်း ရဲ့ နေရာကို အစားထိုးနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်၊ လူငယ်လေး ဂါနာချို
ကစားပုံ မဆိုးခဲ့ပေမယ့် ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက်တော့ မလုံလောက် သေးပါဘူး၊ ရှုံးနိမ့်နေတဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အရန်စာရင်းက လူစားလဲ ထည့်ချင်စရာတောင် မကောင်းခဲ့ပါဘူး၊ ဒါကြောင့်လည်း အီလန်ဂါ၊ မာစီရယ် တို့ ဝင်လာ ပေမယ့်လည်း ရလဒ်ကို မပြောင်းနိုင်ခဲ့တာပါ၊ ဇန်နဝါရီမှာ လူကောင်းတွေ ထပ်မံ မဖြည့်နိုင်ဘူး ဆိုရင် အဆင့်လေးက မန်ချက်စတာ ယူနိုက်တက် မျှော်လင့်နိုင်တဲ့ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်သွားမှာပါ။
(4) လွဲမှားနေ တဲ့ နေရာများ
အရန် အင်အားတင် မတောင့်တင်းတာ မဟုတ်ပါဘူး၊ ဗီလာ နဲ့ ပွဲက လူထုတ်ပုံတွေ ကလည်း အမှားတွေ ရှိခဲ့ ပါတယ်၊ ရက်ဖိုဒ့် ဟာ ညာတောင်ပံမှာ အားကိုးလို့ လုံး၀ မရခဲ့ပါဘူး၊ အန်တိုနီ မပါနိုင်တာ ဆန်ချို မကစား နိုင်တာက အဲရစ် တန်ဟက်ဂ် ရဲ့ အစီအစဉ်တွေ ပျက်ယွင်း စေခဲ့တာပါပဲ၊ ရော်နယ်ဒို ကလည်း အထောင် တိုက်စစ်မှာ အားကိုးလို့ မရနိုင်တော့ပါဘူး။
သူ့ဆီ ဖန်တီး မပေးနိုင်ဘူး ဆိုရင် ၃၈ နှစ်သားကြီးဆီက ဘာမှ မျှော်လင့်လို့ မရတော့တာပါ၊ ဒီလို ပွဲမျိုးမှာ တိုးအားကောင်းတဲ့ တိုက်စစ်သမားမျိုး လိုအပ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် မှာ အဲ့ဒါ မရှိခဲ့ပါဘူး၊ ကွင်းလယ် မှာလည်း ကက်စမဲရိုး နဲ့ တွမ်မီနေး တို့ ပါခဲ့တာက အားနည်းချက်တွေ ဖြစ်ခဲ့ပါတယ်၊ ဒါကိုလည်း အဲရစ် တန်ဟက်ဂ် လူစားထိုး မဖြေရှင်းနိုင်ခဲ့ပါဘူး။
၂-၀၊ ၃-၁ ဆိုတဲ့ ရလဒ်တွေက ဒီလို ကွင်းလယ်ကို လဲဖို့ လုပ်ဖို့ အခွင့်အရေး မပေးခဲ့တာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် မန်ချက်စတာ ယူနိုက်တက် တို့ သုံးမှတ် လက်လွှတ်ခဲ့ရပါပြီ၊ ကမ္ဘာ့ဖလား မတိုင်ခင် တစ်ပွဲပဲ ကစားရတော့မှာပါ၊ ကမ္ဘာ့ဖလား ပြီးသွားရင်တော့ သုံးလေးရက်ကို တပွဲနှုန်း နဲ့ ဆက်တိုက် ကစားရပါဦးမယ်၊ ကမ္ဘာ့ဖလားကနေလည်း ဒဏ်ရာနဲ့ ပြန်လာသူတွေ ရှိချင် ရှိကြဦးမှာပါ။
ကံကောင်းတာက အပြောင်းအရွှေ့ ရောက်ဖို့ ကမ္ဘာ့ဖလား ပြီးသွားရင် သိပ်မလိုတော့တာပါပဲ၊ ဈေးကွက် စဖွင့်ဖွင့်ချင်း ခပ်သွက်သွက် လှုပ်ရှားနိုင်ဖို့ အိမ်စာတွေ ကြိုလုပ်ထားမယ် ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် အင်အား ပိုကောင်းလာမှာပါ၊ လောလောဆယ် ကြာသပတေး နေ့မှာ ပြန်ဧည့်ခံရမယ့် ဗီလာ နဲ့ အမ်မရီ ကို ရှုံးကြွေးဆပ်ဖို့ အာရုံ ရောက်နေကြဦးမှာပါပဲ။
credit