သုံးမိနစ် မန်ယူ အောင်လံထူတဲ့ ဖူလ်ဟမ် 1-2 မန်ချက်စတာ ယူနိုက်တက် ပွဲမှ သရဲနီတို့ရဲ့ စွမ်းဆောင်ရည် အချက်အလက်များ

0
167

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဖူလ်ဟမ် ကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရပြီး စိတ်လှုပ်ရှားဖွယ် ပွဲစဥ် တစ်ပွဲကို ဖန်တီးပေးခဲ့ကာ အဖိုးတန် အနိုင် သုံးမှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဖူလ်ဟမ် အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့ပေမဲ့ ကြီးမားတဲ့ အခွင့်အရေးတွေ ကိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က ပိုပြီး ဖန်တီးနိုင်ခဲ့ပါတယ်၊ ဒါ့အပြင် အဲရစ်ဆင်ကြောင့် ပထမပိုင်းကို ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် ဟာ ဒီပွဲ မတိုင်ခင် အနိုင်ရလဒ်နဲ့ ပထမပိုင်း ဦးဆောင်နိုင်ခဲ့တဲ့ ပွဲစဥ်တွေမှာ မရှုံးနိမ့်ခဲ့တာ 122 ပွဲထိ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ ဒီပွဲမှာတော့ ဖူလ်ဟမ်ရဲ့ တိုက်စစ်ကြောင့် ဒီမှတ်တမ်း ကျိုးသွားမလား ဆိုပြီး ရင်ထိတ် သည်းထိတ် ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖူလ်ဟမ်မှ လူစားဝင် ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဒန်နီယယ် ဂျိမ်းစ် က ပွဲချိန် 61 မိနစ်မှာ ခြေပဂိုး သွင်းယူသွား ပြီးနောက် ဖူလ်ဟမ် တို့ မကြာခန ဖိအားပေး တိုက်စစ်် ဆင်ခဲ့ကြလို့ ဖြစ်ပါတယ်။




ဒါပေမယ့် အဲရစ် တန်ဟက်ဂ် ရဲ့ လူစားလဲမှုက ဒီတစ်ပွဲမှာလဲ အလုပ်ဖြစ် ခဲ့ပါတယ်၊ ပွဲချိန် 72 မိနစ်မှာ အန်သိုနီ မာရှယ် ရဲ့ နေရာကို လူစားဝင် ကစားပေးခဲ့တဲ့ လူငယ်လေး ဂါနာချို က အချိန်ပို သုံးမိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ရှုံးပွဲမရှိ မှတ်တမ်းကို 123 ပွဲထိ အဓွန့်ရှည်စေခဲ့လို့ ဖြစ်ပါတယ်။ သုံးမိနစ် မန်ယူ ဆိုတဲ့ စကားကို ပြန်လည် မြင်တွေ့ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြ သလဲဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။




ဒီဂီယာ 7၊ ဒီပွဲမှာလည်း ဒီဂီယာ ဟာ အရေးကြီးတဲ့ ဂိုးပေါက် ကာကွယ််မှု အချို့ အံ့ဖွယ် လုပ်ပြသွားနိုင်ခဲ့ပါတယ်၊ ဒီပွဲမှာ ဗီနီးရှပ်၊ တင်ရီးမ် တို့ရဲ့ ကန်ချက်တွေ ဂိုး ဖြစ်ခဲ့ သင့်ပေမဲ့ ဒီဂီယာ လက်စွမ်း ပြသနိုင်ခဲ့ပါတယ်။

မာလာစီယာ 5၊ ဘယ်ခံစစ် ကစားသမားလေးဟာ ညာခံစစ်မှာ ကစားရချိန် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဝီလီယံ ကို မကိုင်တွယ် နိုင်ခဲ့ပေမဲ့ ရှင်းထုတ်မှု အချို့ လုပ််နိုင်ခဲ့သလို အမြင့်ဘော အချို့လည်း ဦးဆောင်နိုင်ခဲ့ပါတယ်။

လင်ဒီလော့ဖ် 6၊ မက်ဂွိုင်းယား ကို ကျော်ပြီး ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ ပွဲမှာ တည်ငြိမ်တဲ့ ကစားဟန် အချို့ကို ပြသရင်း မာတီနက်ဇ် နဲ့လည်း အကောင်းဆုံး တွဲဖက် ကစားနိုင်ခဲ့ပါတယ်။




မာတီနက်ဇ် 8၊ ကစားပုံ လေးလံ နှေးကွေးတတ်တဲ့ လင်ဒီလော့ဖ်၊ လုခ်ရှော တို့ရဲ့ ကြားမှာ အကောင်းဆုံး ဖြည့်စွက် ကစားပေးနိုင်ခဲ့ပြီး ဖူးလ်ဟမ် ရဲ့ ဖိအားပေး တိုက်စစ် ဆင်မှုတွေကို တည်တည်ငြိမ်ငြိမ် ဟန့်တားပြ နိုင်ခဲ့ပါတယ်။

ရှော 7၊ ဒန်နီယယ် ဂျိမ်းစ် ကို မဟန့်တား နိုင်ခဲ့ပေမယ့် တိုက်စစ်ဆင် ကစားပုံ ကောင်းမွန်ခဲ့သလို အန်သိုနီ မာရှယ် အတွက် ဂိုး ရရှိစေဖို့တောင် နီးစပ်ခဲ့ပါသေးတယ်၊ ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ကတ်စမဲရိုး 7၊ ခံစစ်ကို ကူညီရင်း တိုက်စစ် အသွင်ပြောင်း ကစားရာမှာလည်း အကူအညီ ပေးနိုင်ခဲ့ပါတယ်၊ အဲရစ်ဆင် ရဲ့ အဖွင့်ဂိုးကို ရရှိစေရေးမှာ အရေးပါခဲ့ပါတယ်။




အဲရစ်ဆင် 8၊ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို နောက်တစ်ဂိုးလည်း ရရှိခဲ့သင့် ပါတယ်၊ ဖြန့်ဝေမှုတွေ ကောင်းမွန်ခဲ့ပြီး ဂါနာချို ရဲ့ ဂိုးကိုလည်း ဖန်တီးပေး နိုင်ခဲ့ပါတယ်။

အီလန်ဂါ 5၊ ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့် မာလာစီယာ နည်းတူ ညာတောင်ပံ အခြမ်းမှာ ပုံစံကောင်း ပြဖို့ ရုန်းကန်ခဲ့ရပါတယ်၊ ဒါ့ကြောင့် ဒုတိယပိုင်း စတင်ပြီး မကြာမီမှာပဲ လူစားလဲခံခဲ့ရပါတယ်။

ဘရူနို 5၊ ပထမပိုင်းမှာ ကောင်းမွန်စွာ ကစားပေးနိုင်ခဲ့ပေမဲ့ အရေးကြီိးချိန်တွေမှာ ဘောလုံး ထိချက်တွေ ညံ့နေခဲ့ရပါတယ် ။ သူ့ရဲ့ ဘောလုံးပျက်မှုကနေ စတင်ပြီး ဖူလ်ဟမ်တို့ ခြေပဂိုး သွင်းယူနိုင်ခဲ့ကြပါတယ်။




ရပ်ရှ်ဖို့ဒ် 5၊ သူ ကစားပုံ ကောင်းလေ့ ရှိတတ်တဲ့ ဘယ်ခံစစ်မှာ ကစားခဲ့ရပြီး ခံစစ်ကိုလည်း အတော်လေး ဆင်းကူပေးခဲ့ပါတယ်၊ ဒါပေမယ့် တိုက်စစ်ဆင် ကစားပုံ အားရစရာ မရှိခဲ့ပါဘူး။

မာရှယ် 6၊ မာရှယ် ပါလာတာနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကစားပုံ ပိုကောင်းလာတာ ထင်ရှားခဲ့ပါတယ်၊ အဖိုးတန် အခွင့်အရေး အချို့ကိုတော့ ဖြုန်းတီးခဲ့ပါတယ်။ လူစားဝင် ကစားသမားများ- တွမ်မီနေး 4၊ ဂါနာချို 8 တို့ပဲ ဖြစ်ပါတယ်။




credit