သူဟာ ငရဲမှာဖွားမြင်ခဲ့တာ ဖြစ်ကြောင်း ရင်ဖွင့် ပြောဆိုလာတဲ့ အန်တိုနီ

0
42

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား တဦး ဖြစ်တဲ့ အန်တိုနီ က သူဟာငရဲမှာ မွေးဖွားခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ အန်တိုနီက-

ကျနော်ကငရဲမှာ မွေးဖွားခဲ့တာဗျ၊ ဒါက ဟာသ မဟုတ်ပါဘူး၊ ဥရောပက သူငယ်ချင်းတွေ ဒါကို သိမှာ မဟုတ်ပါဘူး၊ ကျနော် ကြီးပြင်းခဲ့တဲ့ Sao Paulo က ရပ်ကွက်မှာ နာမည်တစ်ခု ရှိတယ်၊ Inferninho ခေါ် Little Hell- ငရဲငယ်တဲ့ ကျနော့်ကို တကယ် နားလည်ချင်ရင် ကျနော် ဘယ်ကလာလဲ ဆိုတာ သိရပါမယ်၊ ကျနော့် သမိုင်းကြောင်း ကျနော် ကြီးပြင်းခဲ့တဲ့ Inferninho ။




အဲ့နေရာက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာပါ၊ ကျနော်တို့ အိမ်တံခါးဝကနေ ခြေ ၁၅ လှမ်း လျှောက်လိုက်ရင် မူးယစ်ဆေး ရောင်းဝယ်နေကြတာကို တွေ့ရပါလိမ့်မယ်၊ ကျနော် ငယ်ငယ်တုန်းက အမှတ်တရ တစ်ခု ပြောရရင် အဖေက ကွပ်ပျစ်ပေါ်ကနေ ထပြီး သူ့သားတွေ ဘောလုံးပွဲ အေးဆေး ကြည့်လို့ရအောင် အဲ့ကောင်တွေကို သွားသွား အော်လေ့ရှိတာပါ။

သေနတ်တွေ အချိန်တိုင်း မြင်တွေ့နေရတော့ အထူးအဆန်းတောင် ဖြစ်မနေတော့ပါဘူး၊ အဲ့တာတွေက ကျနော့်ရဲ့ နေ့စဉ်ဘဝမှာ အစိတ်အပိုင်း တစ်ခုလိုပါပဲ၊ တစ်ခါတုန်းကဆို အိမ်ထဲကို အော်ဟစ် သောင်းကျန်းပြီး ဝင်အစီးခံရ ပါသေးတယ်၊ ဒါပေမယ့် ငယ်ငယ်ပဲ ရှိသေးတော့ ကြောက်ခဲ့ရတာပေါ့၊ ကျနော် ကြုံတွေ့ခဲ့ရ တာတွေကို ကိုယ်တိုင် ကြုံဖူးမှ ယုံပါလိမ့်မယ်။




ကျနော် ၈ နှစ် ၉ နှစ်သား ဘဝတုန်းက ကျောင်းကို လမ်းလျှောက်နေတုန်း လူတစ်ယောက် လမ်းထဲမှာ ခွေခွေကြီး တွေ့လိုက်ရတယ်၊ လှုပ်လည်း လှုပ်မနေဘူး၊ အနီးကပ် ကြည့်လိုက်မှ သူက သေနေတာဗျ၊ ကျနော်တို့ ရပ်ကွက်ထဲမှာဆို ဒါမျိုးတွေက ရိုးနေပြီ၊ ကျနော်လည်း အဲ့တာနဲ့ လူသေ အလောင်းပေါ်ကနေ ကျော်ခွပြီး ကျောင်းကို ဆက်လျှောက်လာ လိုက်တော့တာပါပဲ။

ကျနော် ဒါတွေကို ခက်ခဲခဲ့ကြောင်း မျက်ရည်ခံ ထိုးချင်လို့ ပြောနေတာ မဟုတ်ဘူးနော်၊ ဒါတွေက အမှန်တရားတွေပါ၊ ဒါပေမယ့် ကျနော်က ကံတော်တော် ကောင်းတဲ့သူ တစ်ယောက်ပါ၊ ကောင်းကင်ကနေ လက်ဆောင် တစ်ခု ရလိုက်ပါတယ်၊ ဘောလုံးက ကျနော့် အတွက် ကယ်တင်ရှင်ပါပဲ၊ Inferninho မှာ ခရစ်စမတ် အတွက် လက်ဆောင်တွေ မလိုပါဘူး၊ ဘောလုံးတစ်လုံးက ကျနော်တို့ အတွက် ပြည့်စုံပါပြီ။




နေ့တိုင်း ကျနော့် အကိုက ရပ်ကွက်ကွင်းကို ဘောလုံးကန်ဖို့ ခေါ်ခေါ် သွားတယ်၊ ရပ်ကွက်ထဲမှာ လူတိုင်း ဘောလုံးကန်ကြတယ်။ ကလေး လူကြီး ကျောင်းဆရာ ဆောက်လုပ်ရေး ဝန်ထမ်း ဘတ်စကား ဆရာ မူးယစ်ဆေး ရောင်းတဲ့သူ ဂိုဏ်းစတား ဘယ်သူမဆို ဘောလုံးကွင်းထဲမှာတော့ တန်းတူပါပဲ၊ ကျနော်စစ ကန်တုန်းက ခြေဗလာနဲ့ ကန်တာ၊ ခြေထောက်မှာ သွေးတွေလည်း ထွက်ပေါ့၊ ဘောလုံးကန် ဖိိနပ်ဝယ်ဖို့ ပိုက်ဆံ မရှိပါဘူး။




ကျနော်က လူကောင်သေးတယ်၊ ဒါပေမယ့် ဘုရားပေးတဲ့ စွမ်းရည်ကြောင့် လိမ်ခေါက်နိုင်တဲ့ စွမ်းရည် ရှိတယ်၊ Dribbling က ကျနော့် ခန္ဓာကိုယ်ထဲမှာ အမြဲရှိနေတဲ့ အရာမျိုးဗျ၊ သဘာဝက ပေးတဲ့ စွမ်းအင် တစ်ခုလိုပဲ၊ ကျနော်က ဘယ်သူ့ကိုမှ ခေါင်းငုံ့ခံမယ့် လူစားမျိုးတော့ မဟုတ်ဘူး၊ မူးယစ်ကုန်သည်ကိုလည်း Elastico ပြလိုက်တာပဲ၊ ဘတ်စကား ဆရာကိုလည်း Rainbow Flick ပြလိုက်တာပဲ။




သူခိုးတွေကိုလည်း Nutmeg ပေါင်ကြားထဲထည့် တာပါပဲ၊ ကျနော်က ဘယ်ကောင့်မှ သောက်ဂရုစိုက်ခဲ့တာ မဟုတ်ဘူးဗျ၊ ကျနော် Legend တွေဆီက Skill တွေကို လေ့လာပါတယ်၊ Ronaldinho, Neymar, Cristiano စသည်ပေါ့၊ ကျနော့် ဦးလေး Toniolo ကျေးဇူးနဲ့ Youtube ကနေ ကြည့်တာပါ၊ ဦးလေး ဆိုပေမယ့် အိမ်နားက အိမ်နီးနားချင်း သူနဲ့က မိသားစုလို နေတာပါ။

သူက ကျနော့်ကို သူ့ရဲ့ wifi ပေးသုံးတယ်၊ ကျနော့်ရဲ့ ပထမဆုံး video ဂိမ်းကိုလည်း သူက လက်ဆောင်ပေးတာပါ၊ ပေါင်မုန့် နှစ်လုံးရှိရင် တစ်ခုက သူ့ အတွက် တစ်ခုက ကျနော်တို့ အတွက်၊ ဒါကြောင့် ခင်ဗျားတို့ လမ်းမတွေအကြောင်း မသိဘူးလို့ ပြောတာ၊ မကောင်းတာ လုပ်နေတဲ့လူ တစ်ယောက် အမြဲရှိနေချိန် ကောင်းတာ လုပ်တဲ့သူ နှစ်ယောက်လည်း တစ်ချိန်တည်းမှာ ရှိနေတာ။




ကျနော်အမြဲ ပြောလေ့ရှိတယ်၊ ကျနော်က မှားယွင်းတဲ့ နေရာတစ်ခုမှာ ကြီးပြင်းခဲ့ရပေမယ့် အမြဲ မှန်ကန်တဲ့သူတွေနဲ့ပဲ ကြုံတွေ့ခဲ့ရတယ် ဆိုတာ တစ်ရက် လမ်းထဲက ဂိုဏ်းစတားတွေနဲ့ ဘောလုံး ကစားနေတုန်း လူကြီး တစ်ယောက်က အခြားလူတွေကို လှမ်းမေးတယ်၊ “Advanceက ဘယ်သူလဲ” “အဲ့ကလေးလား Antony တဲ့”

သူက Grêmio Barueri အသင်းရဲ့ ဒါရိုက်တာပါ၊ ကျနော့်ကို လမ်းမတွေ ပေါ်ကနေ ဖူဆယ်ကွင်းမှာ ဘောလုံး ကစားခွင့်ပေးခဲ့ သူပေါ့။ယ၊ ကျနော် အိပ်မက်တွေ စမက်ပါ တော့တယ်၊ မှတ်မိသေးတယ် တစ်ခါက ကျနော့် အမေနဲ့ လမ်းလျှောက်နေတုန်း အနီရောင် ခပ်မိုက်မိုက် ကားတစ်စီး ဖြတ်သွားတာ၊ အဲ့ကားက တကယ်တော့ Range Rover ပါ၊ ကျနော့် မျက်လုံးထဲမှာတော့ Ferrari မှတ်နေခဲ့တာ။




လူတိုင်းကလည်း အဲ့ကားကို ငေးကြည့် နေကြရောပဲ၊ ကျနော့် အမေဘက်ကို ခေါင်းလှည့်ပြီး ပြောလိုက်တယ်၊ “တစ်နေ့ ဘောလုံးသမား ဖြစ်လာရင် အဲ့ကားကို ရအောင်ဝယ်မယ်” အမေက ရယ်တယ် “စိတ်မပူပါနဲ့ အမေ ကျနော်နည်းနည်း မောင်းပြီးရင် အမေ့ကို ပေးမောင်းမှာပါ” လို့ ကျနော် ဆက်ပြောလိုက်တယ်။

အရင်တုန်းက ကျနော်တို့ မိသားစုက ကုတင် တစ်ခုထဲမှာ တူတူ စုအိပ်ကြတာ၊ တစ်ဖက်ကို ခေါင်းချလိုက်ရင် အဖေ၊ နောက်တစ်ဖက်ကို ခေါင်းလှည့်လိုက်ရင် အမေ၊ ကျနော်တို့က အရမ်း နီးနီးကပ်ကပ် ရှိခဲ့ပါတယ်၊ ဒါကလည်း ကျနော့်ကို ရှင်သန်စေခဲ့တဲ့ ကျနော့် ဘဝကို ပြောင်းလဲ စေခဲ့တာပါ၊ ကျနော် ၁၁ နှစ်မှာ အဖေနဲ့ အမေ အိမ်ထောင်ကွဲတယ်၊ ကျနော့်ဘဝမှာ အခက်ခဲဆုံး အခိုက်အတန့်ပါပဲ။




ကျနော့်အမေ အိပ်နေကျ ဘက်ကို ခေါင်းလှည့်လိုက်ရင် အမေက မရှိတော့ဘူးလေ၊ ဒါက ဝမ်းနည်းဖို့ဘကောင်းသလို ကျနော့်ကို စိတ်အား တက်ကြွစေခဲ့ပါတယ်၊ ကျနော် မျက်စိမှိတ်ပြီး အမြဲ စဉ်းစားကြည့်မိလေ့ ရှိတယ်၊ “ငါ ငါတို့ မိသားစုကို ဒီငရဲကနေ ရအောင်ဆွဲထုတ်မယ်” ဆိုပြီးပေါ့၊ ကျနော့် အဖေက မနက် ၅ နာရီဆို အိမ်က ထွက်ပြီး ည ၈ နာရီမှ အလုပ်က ပြန်ရောက်ပါတယ်။

ကျနော် အဖေ့ကို အမြဲ ပြောလေ့ရှိတယ်။ “အဖေ အခု ကျနော့်အတွက် ပြေးလွှားလှုပ်ရှား နေရတယ်နော်၊ မကြာခင် ကျနော် အဖေ့အတွက် ပြေးလွှားလှုပ်ရှားနေ တော့မှာ။” ကျနော် မီဒီယာနဲ့ စကားပြောတိုင်း သူတို့က အမြဲမေးကြတယ်၊ မင်းရဲ့အိပ်မက်က Champions League လား၊ ကမ္ဘာ့ဖလားလား၊ Ballon d’or လား။




အဲ့တာတွေက အိပ်မက်တွေ မဟုတ်ပါဘူး၊ ရည်မှန်းချက်တွေပါ၊ ကျနော့်ရဲ့ တစ်ခုတည်းသော အိပ်မက်က ကျနော့် မိသားစုကို ဒီလမ်းမတွေ ပေါ်ကနေ ခေါ်ထုတ်သွားဖို့ပါ၊ အခြား Plan B မရှိဘူး၊ ကျနော် အောင်မြင်ရင် အောင်မြင် ဒါမှမဟုတ် ကြိုးစားနေရင်း အသက်ထွက်ရင် ထွက်ပဲ။ အသက် ၁၄ နှစ်မှာ ကျနော် Sao Paulo အသင်း အတွက် ကစားရတယ်။

နေ့တိုင်း ကျောင်းက အပြန် ဘောလုံး အကယ်ဒမီကို ဗိုက်ဟောင်းလောင်းနဲ့ သွားခဲ့ရတာပေါ့၊ အချို့ရက်တွေ ကျမှပဲ သူငယ်ချင်း အချို့နဲ့ ပေါင်းပြီး ကွတ်ကီး စားရတာမျိုး ရှိတယ်၊ ကျနော်က စိတ်အားတက်ကြွဖို့ ဆာလောင်ပြ နေစရာ မလိုခဲ့ပါဘူး၊ တကယ်ကို ဗိုက်ဆာနေခဲ့ ရတာပါ၊ ကျနော်က ကစားတဲ့ အချိန် စိတ်လိုက်မာန်ပါ ကစားလေ့ ရှိတယ်။




ကျနော့်မှာ ခံစားချက်နဲ့ ပတ်သက်ပြီး ပြသနာ နည်းနည်း ရှိပါတယ်၊ ကျနော် ၃ ခါလောက် အကယ်ဒမီကနေ ထွက်ရဖို့ နီးစပ်ခဲ့သေးတယ်၊ ၃ ခါလုံး ကျနော့် အတွက် ကာပြောပေးခဲ့တဲ့သူ ပေါ်လာတာပါပဲ၊ ဘုရားရဲ့ အစီအစဉ်ပဲ နေမှာပါ၊ ကျနော် Sao Paulo မှာ ပထမဆုံး ပွဲထွက်ခွင့်ရတဲ့ အချိန် အဲ့လမ်းထဲမှာ နေနေတုန်းပါပဲ၊ အသက် ၁၈ နှစ် ကျနော့် အဖေနဲ့ တစ်အိပ်ရာထဲ အိပ်နေတုန်းပါပဲ။

၂၀၁၉ ခုနှစ် Corinthians အသင်းကို ဖိုင်နယ်မှာ ဂိုးသွင်းအပြီး အဲ့ည အိမ်ပြန်တော့ လမ်းထဲက လူတွေက လက်ညှိုးတွေ ဝိုင်းထိုးကြတယ်။ “မင်းကိုငါ TV မှာ တွေ့လိုက်ပါတယ်၊ ဒီမှာ ဘာလာလုပ်နေတာလဲ” “ဘရားသား ကျနော်က ဒီမှာနေတာပါ။” လူတိုင်းက ရယ်နေ ကြပါတယ်၊ သူတို့ ကျနော့်ကို မယုံကြပါဘူး။




တစ်နှစ်အကြာ Ajax ရောက်ပြီး Champions League ကစားနေပါပြီ၊ ဒါ အဖြစ်အပျက်တွေ ဘယ်လောက် မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်လဲ ဆိုတာကို ဖော်ပြနေ တာပါ၊ ကျနော် အိပ်ရတဲ့ ကုတင်လည်း ပြောင်းလဲသွားပြီ ဖြစ်သလို ကျနော့် အမေရဲ့ ကားဂိုထောင်ထဲမှာလည်း Range Rover အနီ တစ်စီးရောက်နေပါပြီ။

ကျနော် အမေ့ကိုပြောတယ်၊ “အမေ မြင်ပြီမလား၊ ကျနော် လုပ်ပြမယ်လို့ ပြောခဲ့တယ်နော်၊ အခု လုပ်ပြနိုင်ခဲ့ပြီ။” ၁၀ နှစ် အရွယ်တုန်းက ကျနော် အဲ့လိုပြောတော့ အမေက ရယ်တယ်၊ အခုချိန်မှာ ကျနော် ပြောတော့ အမေ ငိုပါတယ်၊ ကျနော် ရပ်ကွက် လမ်းမတွေ ပေါ်ကနေ Ajax ပြီးတော့ အခု Manchester United ကို ရောက်နေပါပြီ၊ လူတွေက မေးကြတယ်။




မင်းကစားတာ အကြောက်အလန့် မရှိသလိုပဲတဲ့၊ အကြောက်တရား? လူသေကောင်ပေါ် လမ်းဖြတ် လျှောက်ပြီး ကျောင်းတက်ခဲ့ရတဲ့သူ တစ်ယောက် အတွက် ဘောလုံးကွင်းထဲမှာ အကြောက်တရား ဆိုတာ မရှိပါဘူး၊ ကျနော့်ကို ဝေဖန်နေတဲ့ ဆောင်းပါးရှင်တွေ စိတ်ကူးတောင် ယဉ်မကြည့်ရဲတာတွေကို ကျနော် ဘဝမှာ ကိုယ်တိုင် ကြုံခဲ့ရပြီးပြီ။

ကျနော် ခြေထောက်ထဲ ဘောလုံးရောက်တိုင်း ကျနော် ပျော်ရွှင်မှုကို စတင် ခံစားရသလိုပါပဲ၊ ဒီအရာကပဲ ကျနော့်ကို လမ်းမတွေပေါ်ကနေ Theatre of Dreams ကို ပို့ဆောင်ပေးခဲ့တာပါ၊ ကျနော် ကစားတဲ့ပုံစံကို ဘယ်တော့မှ ပြောင်းမှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆို အဲ့တာကိုက ကျနော် ကိုယ်တိုင် ဖြစ်နေလို့ပါ၊ ကျနော် ကစားတဲ့ ၁၀ စက္ကန့်လောက်စာ ဗီဒီယိုကို ကြည့်ပြီး




ကျနော့် အကြောင်းကို ခင်ဗျားတို့ နားလည်မှာ မဟုတ်ပါဘူး၊ ကျနော့်ကို ဟာသလုပ်နေတယ်လို့ ထင်ရင် ခင်ဗျားမှားနေပြီပဲ၊ ကျနော် Ronaldinho, Neymar, Cristiano တို့ရဲ့ အနုပညာကို ခိုးသုံးရတဲ့ wifi ကနေ လေ့လာခဲ့ရပြီး ခု ကွင်းထဲမှာ ပြန်အသုံးချတဲ့ အထိပါပဲ၊ ကျနော့် လူတွေကို စကားလက်ဆောင် ပါးလိုက်ချင်ပါတယ်၊ ဥရောပမှာ လူတွေက ပန်းကန်ပေါ်မှာ

စားစရာ ပေါင်မုန့်တစ်လုံးကို စိတ်ပူမနေရတော့ ဘောလုံးဆိုတာ ပြိုင်ပွဲတစ်ခုပဲ ဆိုတာကို မေ့လျော့နေ ကြတယ်၊ ဘောလုံးက လှပတဲ့ ပြိုင်ပွဲတစ်ခုပါ၊ ဒါပေမယ့် ပြိုင်ပွဲက ပြိုင်ပွဲပါပဲ၊ တကယ် အရေးကြီးတာက ဘဝပါ၊ အနည်းဆုံး ကျနော်တို့လို ကမ္ဘာတစ်ဝန်းက ငရဲငယ်လေးတွေမှာ ကြီးပြင်းရတဲ့ သူတွေ အတွက်ပေါ့။




ကျနော် ဘောလုံးပွဲတိုင်း မကစားခင် ကျနော့် ဖိနပ်မှာ စာတစ်ခုကို အမြဲရေးလေ့ရှိတယ်။ “Favela (လမ်းမများ)” ဒါကျနော့် ဘဝအကြောင်းပါပဲ၊ ကျနော့်ကို လူပြက် တစ်ယောက်လို့ ထင်နေရင်လည်း ကျနော့် လက်မောင်းပေါ်က စာတမ်းတစ်ခုကိုပဲ ပြလိုက်ပါရစေ၊ ‘Whoever comes from the favela knows a little bit of what I’ve been through.’ ‘လမ်းမတွေပေါ်က လာခဲ့သူတိုင်း ငါကြုံတွေ့ခဲ့ရ တာတွေကို အနည်းအကျဉ်းတော့ သိကြမှာပါ။ လို့ ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။

credit