အဲရစ် တန်ဟက်ဂ် နဲ့ အဆင်မပြေ ဖြစ်ရတဲ့ အကြောင်းအရင်းစုံကို ထုတ်ပြောလာတဲ့ ရော်နယ်ဒို
|ရော်နယ်ဒို ဟာ ရုပ်သံတင်ဆက်သူ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး ထို အင်တာဗျူး ကို ပီယာ့စ် မော်ဂန် က နှစ်ပိုင်ခွဲ ထုတ်လွှင့်သွားခဲ့ ပါတယ်။ အဲ့ဒီထဲကမှ ရော်နယ်ဒို ပြောပြသွားတဲ့ ဘောလုံးမှာ ပြောင်းလဲလာတဲ့ အနေအထားတွေ၊ အဲရစ် တန်ဟက်ဂ် နဲ့ စပါး ပွဲစဥ်မှ ဖြစ်ရပ်တွေကို ထုတ်နှုတ် ဖော်ပြပေးလိုက်ပါတယ်။
Piers Morgan– ဘယ်အရာက ခင်ဗျားကို တွန်းအား ဖြစ်စေလဲ ? ငွေလား ? အောင်မြင်မှုလား ?
Cristiano Ronaldo– သေချာပေါက် အောင်မြင်မှုပေါ့၊ ရလဒ်တွေ၊ စံချိန်တွေ၊ မှတ်တမ်းတွေပါပဲ၊ ဒါပေမယ့် ပီယာ့စ်ရေ အရိုးသားဆုံး ပြောရရင် လွန်ခဲ့တဲ့နှစ် နည်းနည်းလောက်က စပြီး ဘောလုံးမှာ ပြောင်းလဲလာတာတွေ ရှိပါတယ်၊ အခု ဘောလုံး လောက က စီးပွားရေး တခုလို့ ငါမြင်နေပါပြီ။
ငါ နားမလည်နိုင်ဘူး၊ မင်းကို စားစရာ တခုလို သူတို့ ဆက်ဆံနေကြတာပဲ လို့ တခါတလေ ဂျော်ဂျီနာ ပြောတိုင်း မင်းမှန်တယ်လို့ ငါ ပြန်ပြောနေကျပါ၊ ဒီနေ့ခေတ် ဘောလုံးနဲ့ ပတ်သက်ပြီး ငါ့မှာ စိတ်ပျက်ရတာတွေ အများကြီး ရှိတယ်။ ဘောလုံး အပေါ်ထားတဲ့ စိတ်
တချို့တွေမှာ ဒါတွေ ရှိနေတုန်းပါပဲ၊ ဒါပေမယ့် စီးပွားရေး ဆန်တာ ကိုပါ တပြိုင်တည်းလို တွေ့လိုက်ရတယ်၊ အံ့သြရတဲ့ အခိုက်အတန့် တွေပါပဲ၊ အခု ဒါက ဘောလုံးရဲ့ တစိတ်တပိုင်းတောင် ဖြစ်နေပါပြီ၊ အားလုံး စီးပွားရေး ဆန်နေကြပြီလေ။
Piers Morgan– ဗယ်လက်ကာနို၊ စပါး နဲ့ ပွဲတွေတုန်းက စောပြန်သွားရတဲ့ အကြောင်း ပြောပါဦး
Cristiano Ronaldo– ပီယာ့စ်ရေ မင်းကို ရိုးရိုးသားသားပဲ ပြောမယ်နော် စပါး နဲ့ ပွဲတုန်းက ကိစ္စ ကွင်းထဲက စောထွက်သွားတာ နဲ့ ပတ်သက်ပြီး ငါ နောင်တရမိတယ်၊ ဒါမှ မဟုတ် မရမိဘူးလား ဆိုတာ ပြောပြဖို့ နည်းနည်း ခက်ပါတယ်၊ နောင်တရတယ်ပဲ ဆိုပါစို့၊ ဒါပေမယ့် ငါ့ကို နည်းပြက ရန်စတယ်လို့ ခံစားမိတယ်။
ငါက ပွဲပြီးဖို့ ၃ မိနစ်လောက် လိုမှ ကွင်းထဲ ဝင်မယ့် ကစားသမားမျိုး မဟုတ်ပါဘူး၊ ငါ အသင်းကို ဘယ်လောက် ပေးဆပ်နိုင်လဲ၊ ဘယ်လောက် ပေးဆပ်သလဲ ဆိုတာ ငါသာ အသိဆုံးပါ၊ ဗယ်လက်ကာနို နဲ့ တုန်းက ငါနဲ့ တခြား ၈ ယောက် အတူတူ ပြန်ကြတယ်၊ ဒါပေမယ့် ငါ့နာမည်ပဲ ထွက်လာခဲ့တယ်။
လူတိုင်းပါပဲ၊ မနှစ်တုန်းကလည်း ဒီလိုပဲ ကွင်းထဲက စောပြန်သူတွေ အများကြီး ရှိကြတယ်၊ အဲ့ဒီနေ့က ကစားသမား ၈ ယောက်ပြန်တယ် ဒါပေမယ့် လက်ညှိုးတွေက ငါ့ကိုပဲ ဦးတည်တယ်၊ ဘာပဲ ဖြစ်ဖြစ် ငါ နားလည်ပါတယ်၊ နည်းပြကို ပြန်ပြီး တောင်းပန်ခဲ့တယ်၊ ကိစ္စလည်း ပြီးသွားခဲ့တယ်လေ။
Piers Morgan– အသင်း နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ ဆက်ဆံရေး ဘယ်လိုရှိလဲ ?
Cristiano Ronaldo– ရာသီကြိုတုန်းက ငါဝင် မကစားလို့ ငါ့ အနေနဲ့ အခွင့်အရေး စောင့်သင့်တယ် ဆိုတာကို လက်ခံပါတယ် နားလည်း လည်တယ်၊ ဒါပေမယ့် ငါ့မှာ ပြောချင်တာ ရှိတယ်၊ သူက လူတိုင်းကို ဒီလို ဆက်ဆံတာ မဟုတ်ဘူး၊ တချို့ ကစားသမားတွေ နာမည်တော့ ငါ ထုတ်မပြောချင်ဘူး၊ သူတို့တွေ မျက်နှာသာ ပေးခံရတယ်၊ မတူခဲ့ပါဘူး။
နောက်တခုက ဘာလဲဆိုတော့ ချဲ့ကားကြတာပါ၊ မန်ချက်စတာ ယူနိုက်တက် နည်းပြ အလုပ်က တကယ် မလွယ်ပါဘူး၊ အသင်းက ၅ နှစ်လောက် ပျက်ဆီးနေတာပါ၊ အသင်းကို အစအဆုံး ပြင်ဖို့ ဆိုရင် ရှင်းထုတ် စရာတွေ ရှိပါတယ်၊ ဒီလို အခြေအနေမှာ သတင်းသမားတွေ မေးတာ မြန်းတာ တွေက လိုတာထက်
ပိုပြီး ချဲ့ကားတာတွေ ရှိတယ်၊ သတင်းသမား နဲ့ တန်ဟက်ဂ် ကြား ဆက်သွယ်တာတွေ နည်းနည်း ကွဲလွဲတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ ရာသီအစ ပြင်ဆင်မှုမှာ ငါ မလိုက်လာလို့ ငါ မကစားရဘူး ဟုတ်တယ် ငါလက်ခံတယ်၊ ဒါပေမယ့် နောက်ပိုင်း အခြေအနေတွေကို ငါ သဘောပေါက်လာတယ်၊ အပြင်လူတွေ သိမှာ မဟုတ်ပါဘူး၊ ငါ အနေနဲ့ ကတော့
ခံစားချက်ကို မြိုသိပ်ထားမှာ မဟုတ်ဘူး၊ ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်၊ ငါ့ကို ဆက်ဆံနေတဲ့ ပုံစံ၊ ငါနဲ့ မထိုက်တန်ဘဲ ရနေတဲ့ ပုံစံအပေါ် ငါလည်း ဘယ်နည်းနဲ့မှ ပြန် မလေးစားနိုင်ဘူး၊ စပါး နဲ့ ပွဲက ကိစ္စက ဒါတွေကြောင့်လည်း ပါချင် ပါနိုင်ပါတယ်။
Piers Morgan– မန်စီးတီး အသင်းကို 6-3 နဲ့ ရှုံးတဲ့ ပွဲမှာ ခင်ဗျားကို လေးစားလို့ မထည့်တာ ဆိုတာကရော
Cristiano Ronaldo– ဆင်ခြေပါ၊ ဆင်ခြေလို့ပဲ မြင်ပါတယ်၊ ဝေဖန်ချင် စရာတွေ အများကြီးပါ ငါမပြောချင်ဘူး၊ သူ့မှာ ငါနဲ့ မတူတဲ့အမြင် ရှိကောင်း ရှိနိုင်တယ်၊ ပွဲ အတွက် အကောင်းဆုံး ဖြစ်မယ် ဆိုတဲ့ သူတွေကို သူတို့ ရွေးခဲ့ကြတယ်၊ ဒါပေမယ့် တခါလာ အဆင်သင့် မဖြစ်သေးလို့ နောက်တခါလည်း အဆင်သင့် မဖြစ်သေးလို့ ဆိုတာက ကောင်းတဲ့ ဆင်ခြေတော့ မဟုတ်ဘူး။
မန်စီးတီး နဲ့ ပွဲမှာ ငါ့ကို လေးစားလို့ လူစား မထည့်တာ ဆိုပြီး စပါး နဲ့ ပွဲကျတော့ ပြီးခါနီး သုံးမိနစ်လိုမှ ငါ့ကို ဝင်ကစားခိုင်းတယ်၊ ဒါက ဘာ အဓိပါယ်လဲ သူ တမင် လုပ်တာ လို့ကို ထင်တယ်၊ ဟိုးတုန်းက ပွဲပြီးဖို့ ငါးမိနစ်လောက် လိုမှ ငါ့ကို လူစားလဲ ထည့်တာ ဆိုရင် တယောက်ယောက် နာသွားလို့ ဒါမှမဟုတ် အသင်းက ရလဒ်ကို လိုအပ်နေလို့ ဆိုတာတွေ ချည်းပါပဲ။
ငါ့ အနေနဲ့ ကလည်း ကူညီဖို့ အမြဲတမ်း အဆင်သင့် ဖြစ်ခဲ့တာပါ၊ ဒါပေမယ့် ဒီတခါကတော့ ငါ့ကို ရန်စတယ်လို့ပဲ ခံစားမိတယ်၊ ဒီ ပွဲစဥ်ကြောင့်တင် မဟုတ်ဘူး ရှေ့က ကိစ္စတွေ ကြောင့်လည်း ပါတယ်လို့ ရော်နယ်ဒိုက ထုတ်ဖော် ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit