ကာတာမြေပေါ်မှာ အားလုံး မျှော်လင့်နေသလို ဘရာဇီးလ်တို့ အခြေအနေ ကောင်းနိုင်ပါ့မလား ဆားဗီးယား Vs ဘရာဇီးလ် ပွဲကြို ခန့်မှန်းချက်
|ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ (၅) ရက် မြောက်နေ့ကို ရောက်ရှိလို့ လာခဲ့ပါပြီ၊ ဒီနေ့ဟာ ဆိုရင်ဖြင့် အုပ်စု ပွဲစဉ် (၁) ပြီးဆုံးမယ့်နေ့လည်း ဖြစ်ပါတယ်၊ ဒီကနေ့မှာတော့ ပရိသတ်တွေ အထူး စိတ်ဝင်စားမယ့် ပွဲကောင်းတွေ ပါဝင်နေပြီး ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ပေါ်တူဂီ၊ ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်နဲ့
လီဗာပူး ပရိသတ်တွေ အထူး အားပေးကြမယ့် ယူရဂွိုင်း ရဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် အပြင် ယခုနှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တစ်ပေး ခံထားရတဲ့ ကမ္ဘာ့ဖလား (၅) ဆုရှင် ဘရာဇီး အသင်းတို့ရဲ့ ပွဲစဉ်တွေ ပါဝင်နေပါတယ်၊ ယခု တင်ဆက်ပေး သွားမှာ ကတော့ ဒီကနေ့ ပွဲစဉ်တွေထဲက စိတ်ဝင်စားဖို့
အကောင်းဆုံး ဖြစ်မယ့် ဘရာဇီး အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် အကြောင်းပါ၊ ကိုပါအမေရိက ဖလား ဗိုလ်လုပွဲမှာ အဂျင်တီးနားကို ရှုံးပြီး ဖလား လက်လွှတ် လိုက်ရပြီး ကတည်းက ဘရာဇီး တို့ ပြိုင်ပွဲ အရပ်ရပ်မှာ ရှုံးပွဲလုံး၀ မရှိတော့ပါဘူး၊ နောက်ဆုံး (၅) ပွဲမှာ (၁၈) ဂိုးထိ
သွင်းထားပြီး (၂) ဂိုးပဲ ပြန်ပေးခဲ့ရပါတယ်၊ ဒါကြောင့်လည်း ယခု ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေတာပါ။ ဘရာဇီးက တိုက်စစ် အားသန်တဲ့ 4-2-3-1 ကစားကွက်ကို သုံးလေ့ ရှိပါတယ်၊ တောင်ပံ တဘက်စီမှာ ဗီနီဆီယပ် ဂျူနီယာ နဲ့
ရာဖင်ညာ တို့ ပွဲထွက်လာနိုင်ပြီး၊ နေမာ က ကွင်းလယ် တိုက်စစ် နေရာက ကစားကွက်ကို အဓိက ပုံဖော်မှာပါ၊ အထောင် တိုက်စစ် နေရာကိုတော့ ဂါဘရီရယ် ဂျေဆု ကို သုံးမလား ရစ်ချလီဆင် ကို သုံးမလား ဆိုတာ နည်းပြ တီတေး ဆုံးဖြတ်ရမှာပါ။
ကွင်းလယ် မှာတော့ ပါကွေတာ နဲ့ ကက်စမဲရိုး တို့ ဖြစ်ဖို့ များပြီး ဒါနီလို၊ အဲလက်စ် ဆန်ဒရို၊ မာကွင်ဟိုစ့် နဲ့ အီဒါ မီလီတို တို့ လေးယောက်ကတော့ တီတေး ရဲ့ အမာခံ နောက်တန်း ကစားသမားတွေပါ၊ ဂိုးသမား နေရာကို လီဗာပူး က အဲလစ်ဆင် ဘက်ကာ ထည့်သွင်း ကစားသွားမှာပါ။
ဆားဘီးယား ရဲ့ လူစာရင်းကလည်း မခေပါဘူး။ ရော်နယ်ဒို ရဲ့ ပေါ်တူဂီ ကို ခြေစစ်ပွဲမှာ နောက်ကောက်ချပြီး အုပ်စု ပထမနဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်ခဲ့တဲ့ ဆားဘီးယား ဟာ ယခု ကမ္ဘာ့ဖလားရဲ့ ဖြတ်မြင်း တသင်း ဖြစ်လာမယ်လို့ သုံးသပ်ခံ ထားရပါတယ်၊ ဆားဘီးယားက ခြေစစ်ပွဲမှာ
ရှုံးပွဲလုံး၀ မရှိခဲ့ပါဘူး၊ ဥရောပ နေးရှင်းလိဂ် မှာလည်း အုပ်စု ပထမ နေရာကို ရယူနိုင်ခဲ့ပြီး နောက်တနှစ် ပြိုင်ပွဲမှာ လိဂ် (အေ) ကို တန်းတက် ရတော့မှာပါ။ ဝါရင့်ကြီး ဒူဆန် တာဒစ် ဦးဆောင်လာမယ့် ကမ္ဘာ့ဖလား လူစာရင်းမှာ ဖီအိုရင်တီးနား ခံစစ်မှူး မီလန်ကိုဗစ်၊ လာဇီယို ကွင်းလယ်စတား ဆဗစ်
ယူဗင်တပ်က ဖိလစ် ကော့စ်တစ်၊ ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ်နဲ့ ယူဗင်တပ် အဓိက တိုက်စစ်မှူး ဗလာဟိုဗစ်တို့ ပါဝင်နေတဲ့ ဆားဘီးယားဟာ တကယ် တောင့်တင်းတဲ့ လူစာရင်းလို့ ပြောနိုင်ပါတယ်၊ ဒါပေမယ့် ဘရာဇီး ရဲ့ လယ်ဗယ်က ဆားဘီးယား ရင်ဆိုင်ခဲ့ရဖူးတဲ့ အသင်းတွေ အားလုံးထက် ပိုမြင့်ပါတယ်။
ကစားပုံချင်းလည်း တခြားစီပါ၊ ဘရာဇီးမှာ တကိုယ်တော်အစွမ်း အရမ်းကောင်းတဲ့ ဘောလုံးသမားတွေ အများအပြား ရှိနေပြီး ဆားဘီးယား ခံစစ်ကို တစ်ယောက်ချင်းရော အတွဲလိုက်ပါ မွှေနှောက် ဒုက္ခ ပေးနိုင်ပါတယ်၊ ပေါ်တူဂီကို နိုင်ခဲ့တဲ့ ပွဲတုန်းက ဆားဘီးယားက ခြေကောင်းလို့ မဟုတ်ဘဲ ပေါ်တူဂီက
အခွင့်အရေးတွေ ကို အသုံးမချ နိုင်ခဲ့လို့ပါ၊ ဘရာဇီး ကတော့ ဒီလို ဖြစ်ဖို့ မသေချာပါဘူး၊ နေမာ၊ ဗီနီဆီယပ် တို့က ဆားဘီးယား အတွက် တကယ့် အန္တရာယ်တွေ ဖြစ်လာမှာပါ၊ ဆားဘီးယား တိုက်စစ်မှာ လူကောင်းတွေ ရှိနေပေမယ့် ဘရာဇီး တိုက်စစ်ကိုပဲ ခုခံနေရဖို့ များပါတယ်၊ ဂိုးအရမ်းပြတ်ဖို့
အလားအလာ သိပ်မများပေမယ့် ဘရာဇီး ရဲ့ အနေအထားက နှာတဖျား ဆိုတာထက် ပိုပြီး အသာပေးလို့ ရပါတယ်၊ ၂-၀၊ ၂-၁၊ ၃-၁ က ဒီပွဲစဥ် အတွက် အကြိုက်ဆုံး ရလဒ်တွေပဲ ဖြစ်ပါတယ်။
credit