အာရှဂုဏ်ဆောင်မယ့် ဂျပန် ပွဲ အပါအဝင် ဒီကနေ့ ယှဉ်ပြိုင် ကစားမယ့် ကမ္ဘာ့ဖလား ပွဲစဉ်များအတွက် သုံးသပ် ခန့်မှန်းချက်

ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ (၈) ရက်မြောက်နေ့ကို ရောက်ရှိ လာခဲ့ပါပြီ၊ ဒီကနေ့မှာတော့ အုပ်စု (E) နဲ့ (F) က ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြရမှာပါ၊ စပိန်နဲ့ ဂျာမနီ ထိပ်တိုက် တွေ့ဆုတဲ့ ပွဲကြီးပွဲကောင်းလည်း ပါဝင်နေပြီး ပထမ ပွဲစဉ်မှာ အနိုင်ရထားတဲ့ ဂျပန်နဲ့ ဘယ်လ်ဂျီယံ တို့ရဲ့ နောက်တဆင့် မျှော်လင့်ချက် ပွဲစဉ်တွေလည်း ပါရှိနေပါတယ်။




ဒီကနေ့ရဲ့ အစောဆုံး ပွဲစဥ်ကတော့ ညနေ 4:30 မှာ ကစားမယ့် ဂျပန်နဲ့ ကော်စတာ ရီကာ ပွဲစဉ်ပါ၊ ဂျပန်က အဖွင့်ပွဲမှာ ဂျာမနီကို အံ့အားသင့်ဖွယ် ကောင်းအောင် အနိုင် ကစားခဲ့ပါတယ်၊ ဒုတိယပိုင်း 45 မိနစ်က ဂျပန်ရဲ့ ကစားပုံဟာ တကယ်ကောင်းခဲ့ပြီး အထူးသဖြင့် လူစားလဲမှုတွေ ပြုလုပ် အပြီးမှာ ဂျပန်က အထက်အသင်း ပုံစံမျိုးနဲ့ ကစားသွားခဲ့ပါတယ်။




ကော်စတာ ရီကာ ကတော့ စပိန်ကို 7 ဂိုးပြတ် ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားမှာ စံချိန် မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားခဲ့ရ ပါတယ်၊ ကော်စတာ ရီကာ က စပိန်ဘက်ကို ဘာမှ ပြန်မလုပ် နိုင်လောက်တဲ့ အထိ အခြေအနေ ဆိုးခဲ့တာပါ၊ ယခု ပွဲမှာတော့ ဂျပန်ဘက်ကို ထိုးဖောက် ကစားနိုင်မှာပါ၊ ဒါပေမယ့် ဂျပန်ရဲ့ အရန် စာရင်းက ဝှက်ထားတဲ့ ဓါးသွားတွေလို တကယ် ကြောက်ဖို့ ကောင်းပါတယ်။




တိုမီယာဆုလို ကစားသမား မျိုးကိုတောင် အရန်ခုံမှာ ထိုင်ခိုင်းရဲတဲ့ ဂျပန် နည်းပြရဲ့ သတ္တိနဲ့ ယုံကြည်ချက်ကိုလည်း အသိမှတ် ပြုရမှာပါ၊ ယခု ပွဲစဥ်မှာလည်း အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပြီး၊ ဂျပန် အနေနဲ့ နောက်ဆုံးပိတ် ပွဲမှာ စပိန်နဲ့ ဆုံရမှာ ဖြစ်လို့ အမှတ်ရဖို့ မသေချာတဲ့ အနေအထားမှာ ရှိပါတယ်၊ အနိုင် ကစားနိုင် ရင်တော့ စပိန် ပွဲကို စိတ်ပူစရာ မလိုတော့ပါဘူး။




ဂျာမနီ၊ စပိန် ပါတဲ့ အုပ်စုမှာ ဒီလို အခွင့်အရေးမျိုး ရဖို့ ဆိုတာ မလွယ်ပါဘူး၊ ဒါကို ဆာမူရိုင်းတွေ မိမိရရ ဆုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်၊ ကော်စတာ ရီကာ တို့ ဒီပွဲမှာ ပြန်ရုန်းနိုင်တာကို သတိပြုရမှာပါ၊ သရေ ဖြစ်သွားနိုင်ပြီး ဂျပန် နိုင်မယ် ဆိုရင်လည်း တစ်ဂိုးလောက်နဲ့သာ ကပ်နိုင်သွားမှာပါ။




ည 7 နာရီခွဲမှာ ကစားမယ့် ဘယ်လ်ဂျီယံနဲ့ မော်ရိုကို တို့ရဲ့ ပွဲစဥ်ကတော့ တဘက်ပိတ် ပွဲ ဖြစ်လာဖို့ များပါတယ်၊ မော်ရိုကိုက ခရိုအေးရှားကို သရေကျပြီး တစ်မှတ် ရထားတယ် ဆိုပေမယ့် ကစားပုံ မကောင်းခဲ့သလို ဂိုးကန်သွင်းမှု ကလည်း အတော် နည်းပါးခဲ့ပါတယ်၊ ဘယ်လ်ဂျီယံ ကလည်း ကနေဒါ ပင်နယ်တီ မဝင်ခဲ့လို့ သရေ မကျခဲ့တာပါ။




ခြေစွမ်းက မက်လောက်စရာ မရှိပါဘူး၊ ဒါပေမယ့် လူစာရင်း မှာတော့ မော်ရိုကိုထက် သာပါတယ်၊ လူကာကူ ပြန်ပြီး ကစားနိုင်တာက ဘယ်လ်ဂျီယံ အတွက် ရွေးချယ်စရာ ရှိလာစေမှာပါ၊ ဒါပေမယ့် ကြံ့ခိုင်မှု ကြည့်ပြီး Line-up တန်းထည့်ဖို့တော့ မထင်မိပါဘူး၊ ရှေ့ပွဲကလို ဘတ်ရှူဝါရီနဲ့ပဲ ကစားလောက်ပါတယ်၊ ကယ်ဗင် ဒီဘရိုင်းနား ကပဲ ဘယ်လ်ဂျီယံရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်နေဦးမှာပါ။




ဘယ်ဂျီယံက 16 သင်းဆင့်မှာ အုပ်စု (E) က အသင်းနဲ့ တွေ့ရမှာပါ၊ အုပ်စု (E) မှာ ဂျာမနီတို့ အခြေအနေ မကောင်းဘဲ ပြုတ်သွားဖို့တောင် များနေပါတယ်၊ ဂျာမနီ ပြုတ်သွားခဲ့ရင် ဂျပန်က အုပ်စု ဒုတိယ ဖြစ်လာဖို့ များပါတယ်၊ ဒါဆိုရင် ဘယ်လ်ဂျီယံ အနေနဲ့ အုပ်စု ပထမ နေရာကို ရယူနိုင်မယ် ဆိုရင် ကွာတားဖိုင်နယ် အတွက် စပိန်နဲ့ ကစားရတာထက်စာရင် လမ်းပိုချောင်နိုင်မှာပါ။




ဘယ်လ်ဂျီယံ 1-0 နဲ့ နိုင်ပြီး နောက်တဆင့် တက်မယ်လို့ မြင်နေပါတယ်။ ခရိုအေးရှားနဲ့ ကနေဒါ ပွဲကတော့ သရေနဲ့ အဆုံးသတ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာပါ၊ အခု ကမ္ဘာ့ဖလားမှာ သရေပွဲတွေ များနေလို့ပါ၊ ဘယ်လ်ဂျီယံကို ကစားသွားတဲ့ ကနေဒါရဲ့ ခြေက မဆိုးသလို အကောင်းကြီးလည်း မဟုတ်ပါဘူး၊ အယ်လ်ဖွန်ဆို ပင်နယ်တီ မဝင်တာကတော့ အတော်ကို နစ်နာစေခဲ့တာပါ။




ခရိုအေးရှား ကလည်း မော်ရိုကိုလို အသင်းကိုတောင် ဂိုးမသွင်း နိုင်လောက်တဲ့ အထိ ညံ့ခဲ့ပါတယ်၊ မိုဒရစ်တို့ မျိုးဆက်လည်း အကျဘက် ရောက်နေပြီ ထင်ပါရဲ့ ကစားအားက ကနေဒါ ပိုသာပါတယ်၊ လူငယ်တွေ ပိုများလို့ပါ၊ ခရိုအေးရှား ကတော့ သမ္ဘာနဲ့ ထိန်းကစားဖို့ ရှိပြီး အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး မရှိတာက ဂိုး များများရဖို့ ခက်စေမှာပါ။ နောက်ထပ် 0-0 ပွဲ ဖြစ်မသွားဘူးလို့ မပြောနိုင်ပါဘူး။

credit