ရော်နယ်ဒိုရဲ့ နေရာ လူစားဝင် ဟက်ထရစ် သွင်းယူပြခဲ့တဲ့ 21 အရွယ် ဂွန်ဆာလို ရာမို့စ် က သမိုင်းအကျဉ်း

ကမ္ဘာ့ဖလား 16 သင်းရှုံးထွက် အဆင့် နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ပေါ်တူဂီနဲ့ ဆွစ်ဇာလန် ပွဲမှာ ကမ္ဘာကျော် စူပါစတား ရော်နယ်ဒို အရန်ခုံ အပို့ခံရစဉ် အသက် 21 နှစ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေး ဂွန်ဆာလို ရာမို့စ် က ပွဲထွက်ခွင့် ရခဲ့ပြီး သမိုင်းဝင် ဟက်ထရစ် သွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ




မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် နဲ့ အဆင်မပြေ ဖြစ်ခဲ့ရာ အဆုံးမှာ နှစ်ဦးနှစ်ဘက် သဘောတူ လမ်းခွဲဖို့ ဖြစ်လာခဲ့ပြီး အကျိုးဆက်က လက်ရွေးစင် အသင်းအပေါ် သက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်၊ ပြီးခဲ့တဲ့ တောင်ကိုးရီးယားနဲ့ အုပ်စု နောက်ဆုံး ပွဲစဥ်မှာ ရော်နယ်ဒိုဟာ လူစားလဲ ခံခဲ့ရတဲ့ အချိန်ကနေ ပြဿနာ စတင်ခဲ့ပါတယ်။




၎င်းရဲ့ အပြုအမူကို သဘောမကျခဲ့တဲ့ ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်းတို့စ် ဟာ မနေ့ညက ဆွစ်ဇာလန်နဲ့ အရေးကြီးပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်စာရင်းက ရဲရဲတင်းတင်း ချန်လှပ်ခဲ့ပြီး ၄င်းရဲ့နေရာကို အစားထိုး ဝင်ရောက် ကစားခွင့် ရခဲ့တဲ့ ဂွန်ဆာလို ရာမို့စ် အတွက် ဒီပွဲက စိတ်လှုပ်ရှားမှု အပြင် ဖိအားတွေပါ




ပြည့်နှက်နေခဲ့ပါတယ်။ မီဒီယာတွေက ရော်နယ်ဒို ရဲ့ အကြောင်းအရာကိုပဲ အာရုံစိုက် ခဲ့ကြပေမယ့် ဂွန်ဆာလို ရာမို့စ် က ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခဲ့ပြီး 17 မိနစ် အကြာမှာ သူ့ရဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာ့ဖလား ပွဲထွက်ခွင့်ကို စတင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် 51 မိနစ်နဲ့ 67 မိနစ်တွေမှာ ဟက်ထရစ် ရရှိစေမယ့်




ဒုတိယဂိုးနဲ့ တတိယဂိုး ကို ဂွန်ဆာလို ရာမို့စ် ဟာ သွင်းယူနိုင်ခဲ့သလို အသင်းဖော် ရာဖေးလ် ဂွာရဲရိုးရဲ့ ဂိုးကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်၊ ဒီလိုနဲ့ 74 မိနစ် အရောက်မှာ ယင်း ဘင်ဖီကာ ကြယ်ပွင့်ဟာ ရော်နယ်ဒို နဲ့ လူစားလဲ ခံခဲ့ရပါတယ်၊ ဂွန်ဆာလို ရာမို့စ်ဟာ ယခုနှစ်ရာသီ ဘင်ဖီကာ အသင်း အတွက် ပြိုင်ပွဲစုံ 22 မှာ




14 ဂိုးသွင်းယူထား တာကြောင့် ဖာနန်ဒို ဆန်းတို့စ် ရဲ့ ကမ္ဘာ့ဖလား အပြီးသတ် လူစာရင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်၊ ဒါဝင် နူးနက်ဇ် ကို လီဗာပူးကို ပေါင် 85 သန်းနဲ့ ရောင်းချအပြီးမှာ ဘင်ဖီကာဟာ ဂွန်ဆာလို ရာမို့စ် နဲ့ အသင့် အစားထိုး အသုံးပြုလျက် ရှိပါတယ်၊ ဂွန်ဆာလို ရာမို့စ် ဟာ




သူ့ရဲ့ စီိနီယာ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကို ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း ကစားခဲ့တဲ့ မစ်ဂျေးလန်းနဲ့ ချန်ပီယံလိဂ် play-off ပွဲမှာ ရခဲ့တာ ဖြစ်ပြီး 2020 ခုနှစ် ဇူလိုင်လမှာ ဂွန်ဆာလို ရာမို့စ် ဟာ ဘင်ဖီကာ စီနီယာ အသင်း အတွက် ပထမဆုံး အကြိမ် ကစားခွင့်ရခဲ့ပြီး လူစားဝင်ပြီးနောက် 8 မိနစ် အတွင်း




နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ ထိုနှစ် ဘောလုံးရာသီ ကုန်ခါနီးမှာ ၄င်းဟာ UEFA Youth League ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲတလျှောက် သွင်းဂိုး 8 ဂိုးနဲ့ ပူးတွဲ ဂိုး အများဆုံး သွင်းနိုင်သူ တဦး ဖြစ်ခဲ့ပါတယ်။ ဂွန်ဆာလို ရာမို့စ် ဟာ ပေါ်တူဂီ ယူ 19 အသင်းနဲ့ အတူ ယူ 19 ယူရိုဖိုင်နယ်




တက်ရောက်ခဲ့ဖူးပြီး 5 ပွဲကစား 4 ဂိုးသွင်းခဲ့ပြီး အိုင်ယာလန် ယူ 19 အသင်းဘက်ကို ဟက်ထရစ် သွင်းနိုင်ခဲ့ပါတယ်၊ ပေါ်တူဂီ လက်ရွေးစင်အသင်း အတွက် ၄င်းရဲ့ ပထမဆုံး ကစားခွင့်ကိုတော့ နိုင်ဂျီးရီးယား အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ရရှိခဲ့ပါတယ်၊ ဒီပွဲမှာလည်း ရာမို့စ် က တစ်ဂိုးသွင်း၊ တဂိုး ဖန်တီးနိုင်ခဲ့ပြီး




လက်ရွေးစင် ကစားသမား ဘဝကို လှလှပပ ဖွင့်နိုင်ခဲ့ပါတယ်၊ ယခု ကာတာ ကမ္ဘာ့ဖလားမှာ ဟက်ထရစ် မသွင်းနိုင်ခင် ဂွန်ဆာလို ရာမို့စ် က ဂါနာ၊ ဥရုဂွေးနဲ့ အုပ်စု ပွဲတွေမှာ လူစားဝင် မိနစ်အချို့ ရခဲ့ပါတယ်၊ မနေ့ည က ဆွစ်ဇာလန်နဲ့ ပွဲမှာတော့ ဂွန်ဆာလို ရာမို့စ် က မှတ်ကျောက်တင် ခံရသင့်တဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပြီး 2002 ကမ္ဘာ့ဖလားမှ ဂျာမန် ဂန္တဝင်

တိုက်စစ်မှူးဟောင်း ကလိုဆေး နောက်ပိုင်း ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ဟက်ထရစ်ကို ရယူနိုင်လိုက်ပြီ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း လိဒ်စ်ယူနိုက်တက် ထံမှ စိတ်ဝင်စားမှု ရရှိခဲ့ဖူးတဲ့ ဂွန်ဆာလို ရာမို့စ် ဟာ ဒီ ဟက်ထရစ်ကြောင့် ပိုပြီး နာမည်ကြီးလာသလို မော်ရိုကိုနဲ့ ကွာတားဖိုင်နယ် အဆင့်မှာပါ

ဒီလို ခြေစွမ်းမျိုးကို ဆက်လက် ထိန်းနိုင်မယ် ဆိုရင် လာမယ့် ဇန်နဝါရီမှာ အခြား ဥရောပ အင်အားကြီး ကလပ်တွေ ဆီကပါ ချဉ်းကပ်မှုတွေ ရရှိလာမှာ အသေအချာပဲ ဖြစ်ပါတယ်။

credit