ဧည့်သည် အသင်းကို အိမ်ကွင်းမှာ ခြောက်ချား စေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် 2-1 မန်စီးတီး ပွဲပြီး သုံးသပ်ချက်

ယနေ့ည 7 နာရီမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်ချက်စတာ စီးတီး တို့ရဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် က 2-1 နဲ့ အနိုင် ရရှိခဲ့ပြီး မန်စီးတီး နဲ့ တစ်မှတ် အကွာကို တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှု




ပြင်းထန်တဲ့ မန်ချက်စတာ ဒါဘီ ဖြစ်တာနဲ့ အညီ ပွဲစဥ် စတင်ချိန် ကတည်းက အကြိတ်အနယ် ရှိခဲ့ကြပြီး အပြန်အလှန် တိုက်စစ် ဆင်မှုတွေ ပြုလုပ် ခဲ့ကြပေမယ့် အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် အသင်းက 34 မိနစ်မှာ အဖွင့်ဂိုး ရရှိစေဖို့ အတွက်




အကောင်းဆုံး အခွင့်အရေးကို ရရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီဘရိုင်းနား ဘောလုံး ပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ပြီး ဖာနန်ဒက်စ် က ရပ်ရှ်ဖို့ဒ် ကို ထိုးပေးလိုက်ချိန်မှာ ရှေ့တက်ရတာ ဝါသနာကြီးတဲ့ အီဒါဆန် က ဂိုးပေါက် နဲ့ ခပ်ဝေးဝေးကို ထွက်နေတာကြောင့်




မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးက အတွင်းဘက်ကို ချိုးဝင်ပြီး ကန်သွင်း ခဲ့ချိန်မှာ အကန်းဂျိ က ဂိုးစည်းပေါ် ကနေ ဂိုးကန်သွင်းမှုကို ပိတ်ဆို့ ကာကွယ် နိုင်ခဲ့တာကြောင့် မန်စီးတီး တို့ ဂိုး မပေးခဲ့ရတာ ဖြစ်ပါတယ်၊ နောက်ထပ် 3 မိနစ် အကြာမှာ ဖရက်ဒ် နဲ့ အဲရစ်ဆင် တို့ တစ်ချက်ထိ အမြန်ပေးပြီး




ဒိန်းမတ် ကွင်းလယ် ကြယ်ပွင့်က ရပ်ရှ်ဖို့ဒ် ကို ပေးပို့ခဲ့ ရာမှာ အင်္ဂလန် တိုက်စစ်မှူးရဲ့ ကန်ချက်ကို မန်စီးတီး ဂိုးသမား အီဒါဆန် က ရင်ဘတ်နဲ့ သတ္တိရှိရှိ ကာကွယ် သွားခဲ့တာ ဖြစ်ပါတယ်၊ ပထမပိုင်း ပြီးဆုံးခါနီး အချိန်ပိုမှာတော့ မန်စီးတီး နောက်ခံ ကစားသမား




ကိုင်လီ ဝေါ်ကာ နေရာလွတ် ရှာတွေ့ခဲ့ပြီး 35 ကိုက် အကွာကနေ ကန်သွင်းခဲ့တဲ့ ဘောလုံးက ဒဟေးယား ရဲ့ ညာဘက် ဂိုးတိုင်ကို ဘေးကို ပွတ်ကာ သီကာ ဝိုက်ထွက် သွားခဲ့တာကြောင့် မန်စီးတီး တို့ ဂိုးရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။




ဒုတိယပိုင်းမှာ အပြန်အလှန် ဂိုးပေါက် ခြိမ်းခြောက်မှု အချို့ ပြုလုပ်ခဲ့ကြ ပေမယ့်လည်း မိနစ် 60 မတိုင်ခင် အထိ ဘယ်ဘက်ကမှ ဂိုးပေါက်ကို ရှာတွေ့ခဲ့ခြင်း မရှိဘဲ 57 မိနစ်မှာ ဂွါဒီယိုလာ က ဖီးလ် ဖိုဒန် ရဲ့ နေရာမှာ ဂျက်ခ် ဂရီးလစ်ရှ် ကို လူစားဝင် ကစားပေးခဲ့ပါတယ်။

နောက် 3 မိနစ် အကြာမှာ ဒီဘရိုင်းနား ရဲ့ ညာတောင်ပံ ကနေ ဖြတ်တင် ပေးပို့လိုက်တဲ့ ဘောလုံးကို လူစားဝင် လာခဲ့တဲ့ ဂျက်ခ် ဂရီးလစ်ရှ် က လူကပ် ခံထားရခြင်း မရှိဘဲ လွတ်လွတ် ကျွတ်ကျွတ် ခေါင်း ခုန်တိုက်ပြီး မန်စီးတီး အသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။




ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချေပဂိုး ပြန်လည် သွင်းယူနိုင်ဖို့ အတွက် ကြိုးပမ်းလာခဲ့ပြီး 72 မိနစ်မှာ အဲရစ်ဆင် ရဲ့ နေရာမှာ အတိုးအလှုပ် ပိုလုပ်နိုင်တဲ့ ဂါနာချို ကို အဲရစ် တန်ဟက်ဂ် က ထည့်သွင်း ကစားစေ ခဲ့ပါတယ်၊ 78 မိနစ်မှာ

မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုးကို ဘရူနို ဖာနန်ဒက်စ် က ကတ်စမဲရိုး ရဲ့ ပေးပို့မှု ကနေ တဆင့် အီဒါဆန် နဲ့ တစ်ဦးချင်း ကန်သွင်း ရယူပေးခဲ့တာ ဖြစ်ပါတယ်၊ ချေပဂိုး သွင်းယူ နိုင်ခဲ့တဲ့ အတွက် အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယုံကြည်မှု




ပြန်လည် ရရှိလာခဲ့ပြီး နောက်ထပ် 4 မိနစ် အကြာမှာ အဲရစ်ဆင် ရဲ့ နေရာမှာ လူစားဝင် ကစားခဲ့တဲ့ ဂါနာချို က ဘယ်တောင်ပံ ကနေ မြေလှိမ့်ဘော ဖြတ်တင် ပေးပို့ခဲ့မှုကို မားကပ်စ် ရပ်ရှ်ဖို့ဒ် က အမှားအယွင်း မရှိ ညာခြေနဲ့ ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ 4 မိနစ် အတွင်းမှာပဲ နှစ်ဂိုးထိ ဆက်တိုက် ခွင့်ပြုခဲ့ရ တာကြောင့် တုန်လှုပ် သွားခဲ့ပုံ ပေါ်ပြီး ချေပဂိုး ပြန်လည် သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ 2-1 ရလဒ်နဲ့ ပြီးဆုံး သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit