မန်ချက်စတာ ယူနိုက်တက် ရဲ့ ပထမ ဂိုး အပေါ် ခံပြင်း ပြောဆိုလာတဲ့ မန်စီးတီး ကြယ်ပွင့်

စနေနေ့ ညပိုင်းက အိုးလ်ထရက်ဖို့ဒ် မှာကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ် အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ချေပဂိုးကို ခွင့်ပြုခဲ့တဲ့ ဆုံးဖြတ်ချက် ဟာ ရယ်စရာ ဟာသ တစ်ခုပဲလို့ မန်စီးတီး နောက်ခံလူ အကန်ဂျီ က ဝေဖန် ပြောဆိုပါတယ်၊ ဒီပွဲစဉ်မှာ




မန်စီးတီး က ဂျက် ဂရီးလစ်ရှ် ရဲ့ခေါင်းတိုက် သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် မှ ဘရူနို ဖာနန်ဒက်စ်၊ မားကပ်စ် ရပ်ရှ်ဖို့ဒ် တို့က သွင်းဂိုးတွေ ရယူခဲ့ပြီး ၂-၁ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်၊ မန်ချက်သတာ ယူနိုက်တက် ရဲ့ချေပဂိုးကို ဘရူနို မသွင်းယူမီ




လူကျွံနေတဲ့ ရပ်ရှ်ဖို့ဒ် က ကစားကွက်မှာ ပတ်သက်နေ တယ်လို့ ယူဆနေကြပြီး မန်စီးတီး ကစားသမားတွေနဲ့ ပရိသတ်တွေက စိတ်ပျက် ဒေါသထွက် နေကြတာပါ၊ ဒီ အဖြစ်အပျက်မှာ စည်းကြပ်ဒိုင်က ရပ်ရှ်ဖို့ဒ် လူကျွံတယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ကွင်းလယ် ဒိုင်က




စည်းကြပ် ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပယ်ချခဲ့ပါတယ်၊ ရပ်ရှ်ဖို့ဒ် က ဘောလုံးနဲ့ မထိလို့ ကစားကွက်မှာ ပါဝင် ပတ်သက်မှု မရှိဘူး ဆိုတဲ့ ယူဆချက်နဲ့ အတူ ဖာနန်ဒက်ဇ် ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တာပါ၊ ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက်ကို လူမှုကွန်ရက် စာမျက်နှာတွေမှာ




ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ကစားသမားဟောင်းတွေ ကလည်း အခုလို ဆုံးဖြတ်ခဲ့မှုကို မေးခွန်းထုတ် ဝေဖန်ခဲ့ ကြပါတယ်၊ အလားတူ မန်စီးတီး နောက်ခံလူ အကန်ဂျီ ကလည်း ဒီ ဆုံးဖြတ်ချက်က အမှားပဲ လို့ ပြောဆိုလိုက်ပါတယ်၊ BBC နဲ့ တွေ့ဆုံချိန်မှာ အကန်ဂျီ က




ကျွန်တော့် အတွက်တော့ အခုလို ပုံစံမျိုး ခွင့်ပြု ပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပထမဂိုးက သိပ်ကို ရယ်စရာ ဟာသ တစ်ခုပါပဲ၊ ဒီ အခြေအနေမှာ ရပ်ရှ်ဖို့ဒ် ရှင်းရှင်းလင်းလင်း လူကျွံနေတာ ကျွန်တော် မြင်တယ်၊ ဒါကြောင့် ကျွန်တော် သူ့ကို လူကျွံဘော ဖမ်းခဲ့တာပါ။




သူ နောက်ဆုံး စက္ကန့်ထိ ဘောလုံးနောက် ပြေးလိုက်ခဲ့ပြီး ဘောလုံး သူရှေ့ ရောက်လာတော့ ရပ်လိုက်တယ်၊ သူက အီဒါဆန် ရှေ့မှာ ဂိုး သွင်းယူတော့မယ့် ပုံစံနဲ့ ရှိနေခဲ့တယ်၊ နောက် သူ ရပ်တန့်ခဲ့တယ်၊ ဘာလို့လဲ ဆိုတော့ လူကျွံ အနေအထားမှာ ရှိမနေတဲ့ ဘရူနို ကို

လှမ်းခေါ်လိုက်လို့ပါ၊ ရပ်ရှ်ဖို့ဒ် ဘောလုံးနဲ့ မထိတာကို နားလည်ပါတယ်၊ ဒါပေမယ့် သူ ဘောလုံး နောက်ကို မီတာ ၃၀ သာသာလောက် ပြေးလိုက် သွားတာပါ၊ သူ ဘောလုံးကို မှီခါနီးမှ ရပ်လိုက်တာ ကျွန်တော့် အတွက် ဒါက လူကျွံဘော ဆိုတာ ရှင်းပါတယ်၊ လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။




ပရီမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာက မန်စီးတီး အတွက် ဒါဘီ ရှုံးပွဲက မန်ချက်စတာ ယူနိုက်တက် ထက် တစ်မှတ်အသာ အခြေအနေဆီ ရောက်ရှိလာ ခဲ့သလို တဘက်မှာလည်း မြောက်လန်ဒန် ဒါဘီ ပွဲစဉ်မှာ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ် က နိုင်ပွဲ ရယူနိုင်ခဲ့မယ် ဆိုရင် ချန်ပီယံဆု ကာကွယ်မယ့် မန်စီးတီး နဲ့ အာဆင်နယ် အကြား ရမှတ် ၈ မှတ်ထိ ကွာဟဖို့ ရှိနေပါတယ်။

credit