ကတ်စမဲရိုးကို ဖမ်းဆီးဖို့ သက်ဆိုင်ရာကို တိုက်တွန်း ပြောဆိုခဲ့တဲ့ အက်စတွန်ဗီလာ ကစားသမားဟောင်း
|ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတယ် ပဲလေ့စ် နဲ့ အိုးလ်ထရက်ဖိုဒ်မှာ ရင်ဆိုင် ကစားခဲ့ရပြီး ပွဲစဉ် အတွင်း ပြိုင်ဘက် အပေါ် ကိုယ်ထိလက်ရောက် ပြုမူခဲ့လို့
အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်သူ ကတ်စမဲရိုး ကို သက်ဆိုင်ရာ အနေနဲ့ ဖမ်းဆီး အရေးယူသင့်ကြောင်း ဘောလုံး သုံးသပ်သူ အဘွန်လဟော က တိုက်တွန်း ပြောဆို သွားခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ် မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း Erik Ten Hag ရဲ့အသင်းက ဘရူရို ဖာနန်ဒက်ဇ်၊ ရပ်ရှ်ဖို့ဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ပွဲချိန် မိနစ် ၇၀ မှာ ခရစ္စတယ် ပဲလေ့စ် ကစားသမား ရှလပ် က
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့မှုမှ တဆင့် နှစ်ဘက်အသင်း ကစားသမားတွေ အကြား တွန်းထိုးမှုတွေနဲ့ အတူ အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာခဲ့တာပါ၊ ဒီ ဖြစ်ရပ် အတွင်း ရှလပ် ကို ကွင်းလယ်ဒိုင် က
အဝါကတ် ပြသခဲ့ပေမယ့် ပြိုင်ဘက် ကစားသမား ဟုဂ်ျ အပေါ် ကိုယ်ထိလက်ရောက်မှု ကျူးလွန်ခဲ့တဲ့ ကတ်စမဲရိုး ကိုတော့ ထုတ်ပယ်ဖို့ VAR ဒိုင်က ကွင်းလယ်ဒိုင် ဆီ အကြံပေးခဲ့ပါတယ်၊ ဒီနောက် မှာတော့ ကွင်းလယ်ဒိုင်က ကတ်စ်မဲရိုး ကို
တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ နောက်မှာတော့ ဧည့်သည်အသင်း အတွက် ရှလပ် က ချေပဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကပဲ ၂-၁ ဂိုးနဲ့ အိမ်ကွင်း နိုင်ပွဲကို
ဖော်ဆောင် နိုင်ခဲ့ပါတယ်၊ ပွဲစဉ် အပြီးမှာ အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော က ဘရာဇီးလ် ကွင်းလယ်လူရဲ့ အပြုအမူ အပေါ် မယုံကြည်နိုင် ခဲ့သလို သက်ဆိုင်ရာ အနေနဲ့လည်း သူ့ကို ဖမ်းဆီးသင့်ကြောင်း ထုတ်ပြောလာတာ ဖြစ်ပါတယ်။
ကတ်စမဲရိုး က သူ့ကိုယ်သူ UFC ကစားသမား Brock Lesnar လို့ ထင်နေခဲ့တာပါ၊ ဟုဂ်ျ ရဲ့လည်ပင်းကို ညှစ်တော့မယ့် သူ့ရဲ့အပြုအမူ အတွက် သက်ဆိုင်ရာက သူ့ကို ဖမ်းဆီး ထိန်းသိမ်းသင့်တယ်၊ ဒီပွဲကို ကလေးတွေလည်း ကြည့်ရှုနေမှာ ဖြစ်ပြီး
ကတ်စမဲရိုး က ပြိုင်ဘက်ကို လည်ပင်း ညှစ်နေတာ သူတို့တွေ မြင်တွေ့ခဲ့ ရပါမယ်၊ ဒါက ဒဏ်ရာ အနာတရတွေ ရလေ့ ရှိတဲ့ အမေရိကန် ရေခဲပြင် ဟော်ကီ ကစားနည်း မဟုတ်ပါဘူး၊ ဒါက ဘောလုံး အားကစားပါ၊ ကျွန်တော်တို့ ဒီလိုမျိုးတွေ မမြင်တွေ့ချင်ပါဘူး။
မန်ချက်စတာ ယူနိုက်တက် ဘက်ကလည်း ကတ်စမဲရိုး အပေါ် စည်းကမ်း ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။ လို့ အဘွန်လဟော က ပြောဆိုခဲ့တာ ဖြစ်ပါတယ်၊ တကယ်တော့ ပြိုင်ဘက်အသင်း ဘက်မှာလည်း ထပ်တူ အမှားမျိုး ဖရက်ဒ် အပေါ် ကျူးလွန်ခဲ့ပါတယ်။
ဒီအတွက် ကတ်စမဲရိုး တစ်ယောက်ထဲကိုသာ အနီပြ ထုတ်ပယ်ခဲ့တာက မမျှတကြောင်း မန်ချက်စတာ ယူနိုက်တက် နည်းပြုချုပ် အဲရစ် တန်ဟက်ဂ် က ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် လိဒ် ယူနိုက်တက် အသင်းကို အိုးလ်ထရက်ဖို့ဒ် မှာ ဧည့်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။
credit