ယနေ့ည နူးကမ့်မှာ တွေ့ဆုံကြရမယ့် ဘာစီလိုနာ Vs မန်ချက်စတာ ယူနိုက်တက် ပွဲကြို သုံးသပ်ချက်

ယူရိုပါလိဂ် ရှုံးထွက် ပွဲစဉ်တွေ ပြန်လည် စတင်ပါပြီ၊ ယခုအပတ် ၁၆ သင်း ရှုံးထွက် ပွဲစဉ်တွေရဲ့ ပထမ အကျော့ကို ကစားကြရမှာပါ၊ နောက်တပတ်မှာတော့ ဒုတိယ အကျော့ ကစားကြရမှာ ဖြစ်ပြီး အုပ်စု အဆင့်မှာ ပထမ ရထားတဲ့ အသင်းတွေ က ၁၆ သင်းအဆင့် ရောက်မှ ပါဝင်လာကြမှာ ဖြစ်ပါတယ်။




ဒီအကျော့မှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ဘာစီလိုနာ နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် ဖြစ်ပြီး အရင်က ချန်ပီယလိဂ်မှာ တွေ့နေကြ အသင်းတွေ ယူရိုပါလိဂ်မှာ တွေ့နေကြရပါပြီ၊ ၂ သင်းလုံးက ပုံစံကောင်းတွေ ကိုယ်စီ ရှိနေကြပြီး ပြည်တွင်း လိဂ်တွေမှာ လမ်းကြောင်း မှန်ပေါ် ရောက်နေတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။




ထိပ်တန်း ကစားသမား များကလည်း ၂ သင်းလုံးမှာ အပြည့်ပါ၊ ကတ်စမဲရိုး၊ ဗာရန်း တို့ ဆိုရင် ရီးရဲလ် ကနေ ပြောင်းလာပြီးမှ ဘာစီလိုနာ နဲ့ ရေစက် မကုန်သေးဘူးလို့ ပြောရမှာပါ။ ဘာစီလိုနာ အနေနဲ့ ကလည်း လူစုံတက်စုံနဲ့ စောင့်နေမှာပါ၊ ခံစစ်မှာ အာရူဟို၊ ခွန်ဒေ၊ ခရစ်ရှန်ဆန်၊ ဘဲဒီ တို့ ကစားနိုင်ပြီး ကွင်းလယ်မှာ




ဘက်စကွက် နေရာမှာ ဒီဂျောင် ကိုထည့်ပြီး ကတ်ဆီနဲ့ ပက်ဒရီတို့ ပွဲထွက်လာ နိုင်ပါတယ်၊ လီဝန် ဒေါ့စကီး က အထောင် တိုက်စစ်မှူး နေရာမှာ ကစားမှာ ဖြစ်ပြီး ဂါဗီ နဲ့ ရာဖင်ညာ တို့ကတော့ တောင်ပံ တဘက်စီမှာ ပွဲထွက်လာမှာပါ၊ နောက်ပိုင်း ဂါဗီ က ဘယ်တောင်ပံကို ထွက်ကစားပြီး ပုံစံကောင်း ပြသနေပါတယ်၊ ဂိုးနေရာ မှာတော့




တာစတီဂျန် ပဲ ဖြစ်နိုင်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ ဒဏ်ရာ ရသူတွေ၊ ပွဲပယ် ကြုံရသူတွေကြောင့် စပိန်ကို ရှိတဲ့သူနဲ့ပဲ ခရီးနှင် လာခဲ့ရပါတယ်၊ အားထားရတဲ့ ခံစစ်မှူး မာတီနက်ဇ် နဲ့ ဘိုင်ယန်က အငှား ပြောင်းလာတဲ့ ဆာဘစ်ဇာ တို့ ပွဲပယ်၊ အဲရစ်ဆင်၊ မာစီရယ်၊ အန်တိုနီ၊ တွမ်မီနေး တို့ ဒဏ်ရာ ရနေကြပါတယ််။




မန်ချက်စတာ ယူနိုက်တက် လူစာရင်းကတော့ ခန့်မှန်းရ လွယ်ကူပြီး ဒီဂီယာ ခံစစ်မှာ ဘစ်ဆာကာ၊ ဗာရန်း၊ ရှော၊ မာလာစီယာ ဖြစ်မယ်၊ ဒီလိုမှ မဟုတ်ရင် မက်ဂွိုင်းယား၊ ဗာရန်း ဖြစ်နိုင်ပြီး ရှော ကို ဘယ်ပြန်ပို့ကာ အလယ်မှာ ဖရက်ဒ်နဲ့ ကက်စမဲရိုး တွဲဖက်လာနိုင်ပါတယ်၊ ဘရူနို ဖာနန်ဒက်စ် ရှိမယ်၊ ညာတောင်ပံမှာ ဆန်ချို၊ ဘယ်တောင်ပံမှာ




ရပ်ရှ်ဖိုဒ့် ရှိနေပြီး အလယ်မှာ ဗက်ဟော့စ် ကို အသုံးပြုလာနိုင်ပါတယ်၊ ဂါနာချို ကတော့ အဲရစ် တန်ဟက်ဂ် ရဲ့ လက်နက်ပုန်း အဖြစ် ရှိနေမှာပါ၊ ဒီနှစ်သင်း ယှဉ်ကြည့်မယ် ဆိုရင် ဘာစီလိုနာ အသင်းက ရှေ့ရော၊ အလယ်ရော၊ အနောက်ရော၊ ဂိုးနေရာက အစ သာလွန်တာကို တွေ့ရပြီး၊ မန်ချက်စတာ ယူနိုက်တက် ဘက်မှာ လူမစုံမှုက ဒီပွဲကို

နောက်က လိုက် ကစားရဖို့ အလားအလာ များနေပါတယ်၊ ဂိုးသမားနေရာက တာစတီဂျန် က ဒီဂီယာ ထက် ပိုကောင်းပြီး နောက်ဆုံး ၁၀ ပွဲမှာ ၃ ဂိုးတည်း ပေးထားရတယ်၊ ဒီဂီယာ ကတော့ ကာကွယ်မှု ကောင်းပေမယ့် အသင်းနဲ့ ပူးပေါင်း ကစားတာ၊ ပင်နယ်တီ ကာကွယ်တာမှာ တာစတီဂျန် ထက် အားနည်းပါတယ်၊ မန်ချက်စတာ ယူနိုက်တက် မှာ

ရပ်ရှ်ဖိုဒ့် သာ အဓိက ဂိုးသွင်းနေတာ ဖြစ်ပြီး သူ့ကို ထိန်းထား နိုင်မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် တို့ ဂိုးပေါက် ပျောက်သွားမှာပါ၊ ရပ်ရှ်ဖိုဒ့် က မြန်ပေမယ့် ဘာစီလိုနာ မှာ အာရူဟို ရှိနေပါတယ်၊ မြန်ပြီး မာကျောတဲ့ ခံစစ်မှူးပါ၊ ရပ်ရှ်ဖိုဒ့် ကို ထိန်းနိုင်ရင် ဘာစီလိုနာ က ပွဲကို လုံး၀ လွှမ်းမိုးသွားမှာပါ၊ ကွင်းလယ်မှာ အဲရစ်ဆင်၊ တွမ်မီနေး

ဆာဘစ်ဇာ မပါဝင်နိုင်တာကြောင့် ကတ်စမဲရိုး၊ ဖရက်ဒ် တွဲဖက်လာမှာ ဖြစ်ပြီး ဘာစီလိုနာ မှာ ပက်ဒရီ၊ ဒီဂျောင် တို့လို ကစားစားသမားတွေ ရှိနေပါတယ်၊ ကတ်ဆီ ဟာ အေစီနဲ့ တုန်းတည်းက မန်ချက်စတာ ယူနိုက်တက် ကို မွှေနှောက် ကစားပြခဲ့ဖူးသူပါ၊ ကာယပိုင်း အားကောင်းပါတယ်၊ ကတ်စမဲရိုး ဒီသုံးဦးကို ယှဉ်ကစားဖို့က တကယ်ကို မလွယ်တဲ့ ကိစ္စပါပဲ။

မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီမှာ ပုံစံကောင်း ပြနေတဲ့ မာတီနက် ပွဲပယ်ထိပြီး မပါနိုင်ပါဘူး၊ ဒါကြောင့် ဗာရန်း နဲ့ နောက်တယောက်ကို ပွဲထုတ်ရမှာပါ၊ ကမ္ဘာ့ဖလား အပြီးမှာ လုခ်ရှော ဗဟိုခံစစ်မှူး အဖြစ် ကစားနေတာ အလုပ်ဖြစ်ခဲ့တာကြောင့် ယခုပွဲမှာ ဒါမျိုး ထပ်လုပ်ချင် လုပ်မှာပါ၊ မေးစရာရှိတာက ဘယ်နောက်ခံလူ ကစားနေကျ ရှော က

လီဝန်ဒေါ့စကီး လို အဆင့်မြင့် အထောင် တိုက်စစ်မှူးကို ထိန်းနိုင်မလား ဆိုတာပါ၊ ဘာစီလိုနာ ရဲ့ တောင်ပံတွေကိုရော မန်ချက်စတာ ယူနိုက်တက် ခံစစ်က ထိန်းနိုင်မလား စိတ်ဝင်စား စရာပါ ရာဖင်ညာ ဘာစီလိုနာမှာ ပိုကောင်း နေသလို ဂါဗီ ကလည်း ပွဲတိုင်း ခြေစွမ်းပြနေတယ်၊ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ မျှော်လင့်နိုင်တာ ညာခြမ်းမှာ ဆန်ချို ခြေစွမ်းပြပြီး ဘာစီလိုနာရဲ့ ခံစစ်ဘယ်ခြမ်းကို ဖိအားပေး နိုင်ဖို့ပါပဲ။

ဘာစီလိုနာ တသင်းလုံးမှာ ခံစစ် ဘယ်ခြမ်းက အားအပျော့ဆုံး ဖြစ်ပါတယ်။ ဒါကို အဲရစ် တန်ဟက်ဂ် ကိုင်ဆုပ်နိုင်ခဲ့ရင် စိတ်ဝင်စားစရာ ပွဲတခုကို မြင်တွေ့ရမှာပါ၊ မန်ချက်စတာ ယူနိုက်တက် ကစားပုံ ပိုကောင်းလာတာ အမှန်ပါ၊ ဒါပေမယ့် ဘာစီလိုနာ က ပိုကောင်းနေတာက စိတ်ပျက်စရာပါပဲ၊ လာလီဂါမှာ အဆင့် ၁ ကနေ ရီးရဲလ်ကို

အမှတ်ဖြတ် ထားပြီး ကစားသမျှ ရှုံးပွဲ မရှိသေးပါဘူး။ သရေ တပွဲ ကျပြီး အကုန် နိုင်ထားပါတယ်၊ အခုလည်း နူးကမ့်မှာ ကစားရမှာမို့၊ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ခံစစ်ကို သေချာပြင်ဆင်ပြီး တန်ပြန် တိုက်စစ်နဲ့ ထိုးနှက်ဖို့သာ ရှိပါတယ်၊ တစ် ဂိုးလောက် ရရင်ကို ကျေနပ်စရာပါပဲ။

ဘာစီလိုနာ အသင်းကတော့ ဒုတိယအကျော့မှာ စိတ်မပူရဖို့ အိမ်ကွင်းမှာ အားထုတ် ကစားသွားမှာပါ၊ လူစာရင်းရော ပုံစံ အရပါ သာနေတဲ့ ဘာစီလိုနာ နိုင်မယ်လို့ ထင်မိပါတယ်၊ ဒီ တစ်ပွဲကတော့ ပရိသတ်တွေရဲ့ စိတ်ကူးနဲ့ ထပ်တူ ကျဖို့ လွယ်ကူချေ မရှိပါဘူး။

credit