မန်ချက်စတာ ယူနိုက်တက် အသင်းမှာ စိုးရိမ်မိတဲ့ ကစားသမား တစ်ဦးသာ ရှိကြောင်း ထုတ်ဖော် ပြောဆိုလာတဲ့ ဇာဗီ
|မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ယူရိုပါလိဂ် 32 သင်း အဆင့် ပွဲစဉ် မတိုင်မီ ဘာစီလိုနာ အသင်း နည်းပြချုပ် ဇာဗီ က ပြိုင်ဘက် အသင်း တိုက်စစ်မှူး ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ဟာ
၎င်းတို့ အသင်း အတွက် တစ်ဦးတည်းသော အန္တရာယ် အကြီးမားဆုံး ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွား ခဲ့ပါတယ်၊ ဒီနှစ်သင်းဟာ 16 သင်း အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပထမအကျော့ကို နူးကမ့်မှာ
ယနေ့ ည 12:15 အချိန်မှာ စတင် ကစားသွားမှာ ဖြစ်ပါတယ်။ ဇာဗီ က- မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကျွန်တော် စိုးရိမ်မိတဲ့ ကစားသမား တစ်ယောက်ပဲ ရှိပါတယ်၊ သူက မားကပ်စ် ရပ်ရှ်ဖို့ဒ် ပါပဲ၊ ရပ်ရှ်ဖို့ဒ် က
အန္တရာယ်အ များဆုံး တိုက်စစ်မှူးတွေ ထဲက တဦးပါ၊ အရမ်း မြန်ဆန်တယ်၊ ဘောလုံးနဲ့ အတူ ဆွဲပြေးတာမှာလည်း အရမ်း ထူးချွန်တယ်၊ တစ်ဦးချင်း အနေအထား တွေမှာလည်း ကောင်းမွန်ပြီး အလှည့်အပြောင်း တွေမှာ အရမ်းကို
အန္တရာယ် ကြီးမားလွန်းတဲ့ ကစားသမားပါ၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ကစားသမား အားလုံးကိုတော့ ကျနော်တို့ သတိထား ကစားသွားမှာပါ၊ အိမ်ကွင်း ပွဲမှာ ရမှတ်ယူထားဖို့က အရေးကြီးတယ်လေ။
ပြင်ဆင် တည်ဆောက်မှုတွေ ပြုလုပ်နေရတဲ့ အသင်း နှစ်သင်းဟာ ဒီရာသီမှာ ပုံစံကောင်းတွေ ရရှိနေကြပါတယ်၊ ဘာစီလိုနာ က လာလီဂါမှာ အမှတ်ပေး ဇယားကို 8 မှတ်ဖြတ် ဦးဆောင်နေပြီး ပေးဂိုး 7 ဂိုးသာ
ခွင့်ပြုထားရတဲ့ အသင်း ဖြစ်နေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တတိယ နေရာ ရပ်တည်နေပြီး အမှတ်ပေး ဖလား ရရှိရေး အတွက် မျှော်လင့်ချက် ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။
နှစ်သင်းလုံး အရမ်းကောင်းတဲ့ အနေအထားမှာ ရောက်နေပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ စွမ်းအားကြီးမားတဲ့ အသင်း ဖြစ်ပြီး Erik Ten Hag လက်အောက်မှာ သူတို့တွေ တိုးတက်လာတာကို မြင်ရမှာပါ၊ တိုက်စစ်ပိုင်း မှလည်း တိုးတက်လာ ကြတယ်။
Erik Ten Hag က တိုက်စစ် အားသန် နည်းပြ တဦး ဖြစ်လို့ အခု ကစားမယ့် ပွဲမှာ ကျနော်တို့ကို သူတို့ အခက် တွေ့အောင် လုပ်နိုင်ပါလိမ့်မယ်၊ ဒုတိယ အကျော့ကို အိမ်ကွင်းမှာ မကစားရတာက ဆိုးပါတယ်၊ သူတို့ကို အနိုင် ကစားဖို့ ဆိုတာ အရမ်းကို
ခက်ခဲလိမ့်မယ် ထင်တယ်၊ အိုးလ်ထရက်ဖို့ဒ် မှာ ကစားရမယ့် ပွဲက ဒီပွဲကို အဆုံးအဖြတ် ပေးမှာပါ၊ လို့ ဇာဗီ က ထပ်မံ ပြောဆိုခဲ့ပါတယ်၊ ပထမအကျော့ ပွဲစဉ်မှာတော့ ဘာစီလိုနာ က မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ရမယ်လို့ ပိုမို ရေပန်းစား နေပါတယ်။
credit