ပွဲကောင်း တစ်ပွဲရဲ့ အနှစ်သာရကို ပေးဆောင်ခဲ့တဲ့ ဘာစီလိုနာ 2-2 မန်ချက်စတာ ယူနိုက်တက် ပွဲပြီးသုံးသပ်ချက်

ဒီပွဲ မတိုင်ခင်မှာ ဇာဗီက ရပ်ရှ်ဖို့ဒ် ကို အန္တရာယ် အကြီးမားဆုံး မန်ချက်စတာ ယူနိုက်တက် ကစားသမားလို့ ညွှန်းဆိုခဲ့ပါတယ်၊ တကယ်တမ်း ကစားခဲ့ချိန်မှာလည်း ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာ ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပြီး




မန်ချက်စတာ ယူနိုက်တက် တို့ နောက်တဆင့်ကို တက်ရောက်စေမယ့် မျှော်လင့်ချက်တွေကို ယူဆောင် ပေးခဲ့ပြီး သူ့ကို ဇာဗီက ဘာလို့ ထိတ်လန့်နေရလဲ ဆိုတာကို ခြေစွမ်းနဲ့ သက်သေ ပြသသွားခဲ့ပါတယ်။




ထုံးစံအတိုင်း ဘာစီလိုနာ က ဘောလုံးပိုင်ဆိုင်မှု အသာရတယ်၊ ကစားကွက် အသာနဲ့ ကစားနိုင်တယ် ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ တိုက်စစ်ဆင်မှု တိုင်းကို သတိကြီးကြီး ထားခဲ့ရပါတယ်။




ပွဲချိန် နာရီဝက်လောက် အထိ ဘာစီလိုနာ က အသာစီး ရခဲ့ပေမယ့် အဲဒီ နောက်ပိုင်းမှာ အပြန်အလှန် ထိုးဖောက်မှု တွေ မန်ချက်စတာ ယူနိုက်တက် က ပြုလုပ်နိုင်ခဲ့ပြီး ဘာကာ ခံစစ်ကို ဖိအားတွေ ပေးဆောင်နိုင်ခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အနေနဲ့ တဦးချင်း အမှားတွေသာ မရှိခဲ့ဘူး ဆိုရင် ဒီပွဲက သူတို့ အတွက် ပိုလို့တောင်မှ ကောင်းခဲ့ဦးမှာပါ၊ ဘာစီလိုနာ က အိမ်ကွင်းမှာ သူတို့ ကစားနေကျ အတိုင်း ကစားနိုင် ခဲ့ပေမယ့်




မန်ချက်စတာ ယူနိက်တက် က ခပ်ရဲရဲ ဝင်ထွက် ဖျက်ထုတ်မှု တွေကြောင့် တိုင်ပတ်သွားခဲ့ပြီး ပီဒရီဆို လူစားလဲရတဲ့ အထိ ဖြစ်ခဲ့လို့ ဇာဗီ သွေးတက် နေခဲ့ရပါတယ်၊ ပထမပိုင်း မှာတော့ အခွင့်အရေးတွေ ကိုယ်စီ ရပေမယ့် အသုံး မချနိုင်ခဲ့လို့ ဂိုးမရှိ သရေသာ ဖြစ်ခဲ့ရပါတယ်။




ဒုတိယပိုင်းမှာ ဂိုးတွေ စမြင်ခဲ့ရပြီး အလွန်ဆို က ထောင့်ကန်ဘော ကနေ ခေါင်းတိုက်ဂိုး သွင်းပြီး ဘာကာ ကို ဦးဆောင် စေခဲ့ပါတယ်၊ ဒါပေမယ့် ဒီဂိုးက သိပ်ကြာကြာ မခံလိုက်ဘဲ ရပ်ရှ်ဖို့ဒ် က ဖရက်ဒ် ရဲ့ ဖန်တီးပေးမှု ကနေ

တာစတီဂန် ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲ ကန်ထည့်ပြီး ချေပခဲ့ပါတယ်၊ ဆက်တိုက် ဆိုသလိုပဲ မန်ချက်စတာ ယူနိုက်တက် တို့ ထောင့်ကန်ဘော ရပြီး လုခ်ရှော နဲ့ ရပ်ရှ်ဖို့ဒ် အပေးအယူ လုပ်ကာ ရပ်ရှ်ဖို့ဒ် က ရာဖင်ဟာ ကို




လှလှပပ ဖြတ်ကျော်ပြီး ဂိုးရှေ့ ဖြတ်တင်ဘော ကနေ ကွန်ဒေး ကိုယ့်ဂိုးကိုယ် သွင်းယူသွား မိခဲ့ကာ မန်ချက်စတာ ယူနိုက်တက် တို့ ဦးဆောင်ဂိုးပါ ပြန်ရသွားခဲ့ပါတယ်၊ ဒီနောက်မှာတော့ ဘာကာ က ဆက်တိုက် ဖိကစားလာပြီး




ချေပဂိုးရဖို့ အလှည့်အပြောင်းတွေ လုပ်ခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကလည်း ဂိုးမပေးရဖို့ ထိန်း ကစားခဲ့ပေမယ့် ၇၇ မိနစ်မှာ ရာဖင်ဟာ ရဲ့ ဖြတ်တင်ဘောကို လီဝန်ဒေါစကီး က ပိတ်သွင်းခဲ့ပေမယ့် မထိခဲ့ဘဲ

ဂိုးထဲ တန်းဝင်ခဲ့လို့ ချေပဂိုး ပြန်ရကာ ပွဲက ၂-၂ ဖြစ်ခဲ့ပြီး ပိုမို အကြိတ်အနယ် ရှိသွားခဲ့ပါတယ်၊ ချေပဂိုး ရရှိအပြီးမှာ အနိုင်ဂိုးရဖို့ ဘာစီလိုနာ က ဆက်တိုက် ဖိအားပေးလာခဲ့ပြီး ထိုးဖောက် ခဲ့ပါတယ်၊ အန်ဆူဖာတီ ရဲ့ကန်ချက်ကို




ဒီဂီယာ ရဲ့ အံ့အားသင့်ဖွယ် ကာကွယ်မှုကြောင့်လည်း အပိုင် အခွင့်အရေး တကြိမ် လက်လွှတ်ခဲ့ရပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကတော့ သရေ ရလဒ်ကိုပဲ ထိန်း ကစားဖို့ ဦးစားပေးခဲ့ပြီး ခံစစ်ကိို အားပြုကာ

တန်ပြန်တိုက်စစ် တွေကို ပုံဖော်ခဲ့ပါတယ်။ ဒီနောက်တော့ ဘယ်သူမှ ဂိုးမသွင်း နိုင်ခဲ့တော့ဘဲ ၂-၂ နဲ့ သရေ ဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် တို့ အိမ်ကွင်းမှာ ဒုတိယ အကျော့ အတွက် အခွင့်အရေး ကောင်းခဲ့ပြီ ဖြစ်ပါတယ်။

credit