နှစ်ကျော့ပေါင်း 4-3 နဲ့ ဘာစီလိုနာ ကို အနိုင်ယူပြီး ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက်
|မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ တို့ရဲ့ ယူရိုပါလိဂ် ပလေးအော့ အဆင့် ဒုတိယ အကျော့ ပွဲကတော့ ပထမ အကျော့တုန်းကလောက် ကြည့် မကောင်းခဲ့ပါဘူး၊ ဒါပေမယ့် အနိုင် ရရှိဖို့အတွက်
နှစ်သင်းလုံး အားကုန်ထုတ် ကစားခဲ့ကြပြီး ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်၊ နှစ်သင်းလုံးက ပုံမှန် လူစာရင်းနဲ့ ပွဲထွက် လာခဲ့ပြီး ဘာကာ ကတော့ ဂါဗီ နဲ့ ပီဒရီ တို့ မပါနိုင်လို့ ဘက်ကွက်စ် ကို ထည့် သုံးခဲ့ပါတယ်။
အိမ်ကွင်း ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံ အားနည်းခဲ့ပြီး ဘာစီလိုနာ က ပို ဖိအားပေးနိုင်ခဲ့ပါတယ်၊ ဒါကြောင့်လည်း ပွဲချိန် ၁၀ မိနစ် အကျော်မှာ ဘာကာ နောက်ခံလူ ဘလိတ် နဲ့ ဘောလုံး အပြိုင်လုရာမှာ
ဖာနန်ဒက်စ် က ဆွဲခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့ပါတယ်၊ ဒီ အဖြစ်အပျက်မှာ အနည်းငယ် အငြင်းပွားစရာ ရှိခဲ့တယ်လို့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ဝေဖန်ခဲ့ကြပြီး ဒိုင်လူကြီးတွေရဲ့
ဆုံးဖြတ်ချက်တွေက တလွဲတချော် တွေ ဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်၊ ဒီ ပင်နယ်တီကို လီဝန် ဒေါစကီး က ကန်သွင်းယူခဲ့ပြီး ဘာကာ အတွက် ဦးဆောင်ဂိုး ရယူ ပေးခဲ့ပါတယ်၊ ဒီနောက်မှာ ချေပဂိုးရဖို့ အတွက်
မန်ချက်စတာ ယူနိုက်တက် တို့ တိုက်စစ်မြှင့် ကစားခဲ့ပေမယ့် သူတို့ချင်း အချိတ်အဆက် အားနည်းခဲ့ သလို တိုက်စစ်ပိုင်း ကလည်း ဘာမှကို မလုပ်ပြနိုင်ခဲ့လို့ ဘာစီလိုနာ က အလွယ်တကူပဲ ထိန်းချုပ် နိုင်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ပိုင်းက ပထမပိုင်းမှာ တော်တော်လေးကို အားနည်းခဲ့ပြီး ကြီးကြီးမားမား ခြိမ်းခြောက်နိုင်တာမျိုး မလုပ်နိုင်ခဲ့ သလောက်ပါပဲ၊ ဒုတိယပိုင်း မှာတော့ အဲရစ် တန်ဟက်ဂ် က ဝက်ဟော့စ် နေရာ အန်တိုနီ ကို ထည့်သွင်းပြီး
အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်၊ ပွဲစပြီး သိပ် မကြာခင်မှာပဲ ဘာကာ ခံစစ်ရဲ့ အမှားကနေ ဘရူနို ဖာနန်ဒက်စ် ဘောလုံး ရခဲ့ပြီး သူ့ရဲ့ဖန်တီးပေးမှုကို ဖရက်ဒ် က ဧရိယာ အစပ်နားကနေ ညာခြေနဲ့ အပိုင်ကန်သွင်းကာ
မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုး ပြန်လည် ရယူ ပေးခဲ့ပါတယ်၊ ၁-၁ ဖြစ်သွားခဲ့ ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ကစားပုံက ပိုကောင်းလာခဲ့ပါတယ်၊ ဘရူနို ဖာနန်ဒက်စ် က နေရာပြောင်း ကစားခဲ့လို့
ကွင်းလယ် ကစားပုံပါ တက်လာခဲ့တာပါ၊ ပထမပိုင်း တပိုင်းလုံး ညာတောင်ပံ တိုက်စစ်က ဘာမှ မလုပ်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အန်တိုနီ ဝင်လာပြီးချိန်မှာ ဘာကာ ဘယ်ခြမ်း ခံစစ်ကို ဖိအားပေး နိုင်ခဲ့ပါတယ်၊ ပွဲချိန် ၆၄ မိနစ်မှာတော့ ကွန်ဒေးရဲ့
အပိုင် ခေါင်းတိုက်ချက် ဂိုးပြီ ထင်ခဲ့ရပေမယ့် ဒီဂီယာ ပုတ်ထုတ် နိုင်ခဲ့လို့သာ မန်ချက်စတာ ယူနိုက်တက် တို့ သက်သာ ခဲ့ရပါတယ်၊ ဘာကာ ကလည်း အနိုင်ဂိုး ရဖို့ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး သူတို့ ထိုးဖောက်တိုင်း
မန်ချက်စတာ ယူနိုက်တက် ခံစစ်က အသည်းအသန်ကို ဟန့်တား နေခဲ့ရပါတယ်၊ ၇၃ မိနစ်မှာတော့ မန်ချက်စတာ ယူနိုက်တက် တို့ ဦးဆောင်ဂိုး ပြန်ရသွားခဲ့ပြီး ဘာကာ ခံစစ်ကို ဖာနန်ဒက်စ် က ပါးပါးနပ်နပ်နဲ့ ဘောလုံး ရအောင် လုယူနိုင်ခဲ့ကာ ဂါနာချို ကို
ဖန်တီး ပေးခဲ့ပါတယ်၊ ဂါနာချို ကန်သွင်းချက်က ပြန်ထိပြီး ထွက်လာချိန်မှာ ဖရက်ဒ် ထပ်ပိတ်ပေမယ့် ထပ်ပြီး အံထွက်လာတာကို အန်တိုနီ က ဘယ်ခြေနဲ့ အပိုင် ပိတ်ကာ သွင်းယူ ပေးသွားခဲ့တာပါ၊ လက်ကျန် မိနစ်တွေမှာ ဘာကာ တို့ ချေပဂိုး ရဖို့
တိုက်စစ် မြှင့်ခဲ့ပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက် ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် က ခံစစ်ကို အားပြုပြီး ထိန်းသိမ်း ကစားဖို့ကို အာရုံစိုက်ခဲ့လို့ ထိုးဖောက်ရ ခက်သွားခဲ့ပြီး တော်တော် အကျပ် ရိုက်ခဲ့ပါတယ်၊ ဒီနောက်တော့
ဘာကာ တို့ ချေပဂိုး မသွင်းနိုင်တော့လို့ ၂-၁ ရလဒ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အနိုင် ရရှိကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၃ နဲ ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။
credit