ဒိုင်တွေရဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေကြောင့် အိမ်ကွင်းမှာ တစ်ယောက်ရော့နဲ့ သရေ ရလဒ်သာ ဖော်ဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
|မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ဆောက်သမ်တန် အသင်းနဲ့ ပွဲစဥ်မှာ ကက်စ်မဲရိုး အနီကတ် ပြခံခဲ့ရပြီး အိမ်ကွင်းမှာပဲ ဆောက်သမ်တန် ကို ခက်ခက်ခဲခဲ ရင်ဆိုင် ကစားခဲ့ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်း ဂိုးရဖို့ ခက်ခဲ နေချိန်မှာပဲ
ကက်စ်မဲရိုးရဲ့ ဘောလုံး ဖျက်ထုတ်မှုက ပြိုင်ဘက် ခြေထောက်ကို သွားထိခဲ့ရာမှာ အနီကတ်ပြ ခံလိုက်ရတာပါ၊ ဒီ ဆုံးဖြတ်ချက်မှာ ကွင်းလယ်ဒိုင် မှားယွင်းတယ်လို့ ဆိုရမှာ ဖြစ်ပြီး သို့မဟုတ် မန်ချက်စတာ ယူနိုက်တက် အသင်းကို အင်္ဂလန် ဒိုင်တွေ အနေနဲ့
တစိုက်မတ်မတ် ထိုးချနေတယ်လို့ ဆိုရမှာပါ၊ ဒိုတွေဟာ ပွဲစဉ်တိုင်း စဉ်းစားစရာ ဆုံးဖြတ်ချက်တွေ ပေးလေ့ ရှိပြီး ယခုလည်း ကက်စ်မဲရိုး ဘောလုံးကို အရင် ထိပြီးမှ ခြေထောက်ကို ထိခဲ့တာ ဖြစ်သလို
ဘောလုံးကိုပဲ အာရုံစိုက် ဖျက်ထုတ်ခဲ့တာကို အနှေး ပြကွက်မှာ အထင်အရှား တွေ့ခဲ့ရတာ ဖြစ်ပါတယ်၊ လူတစ်ယောက် အထုတ် ခံလိုက်ရတာက မန်ချက်စတာ ယူနိုက်တက် အတွက် ပိုပြီး ခက်ခဲစေခဲ့ပြီး ဂိုး ရရှိဖို့ အတွက် ရုန်းကန်နေရချိန်မှာ
တစ်ယောက်လျော့ အနေအထားနဲ့ ကစားရတာ ဖြစ်လို့ တော်တော်လေး မလွယ် မကူ ဖြစ်ခဲ့ရပါတယ်၊ ပဲလေ့စ်နဲ့ ပွဲမှာ အနီထိပြီး ပွဲပယ် ပြစ်ဒဏ်က ပြန်လွတ်လာတာ မကြာသေးတဲ့ ကက်စ်မဲရိုးဟာ နောက်ထပ်အနီ ထိခဲ့ပြီး ပွဲထပ်ပယ်ခံရမှာက
မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဆိုးရွားလွန်းပြီး အနီထိပြီးနောက်မှာ မန်ချက်စတာ ယူနိုက်တက် တို့ ပင်နယ်တီ ရနိုင်တဲ့ အခြေအနေ နှစ်ခု အထိ ရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR တောင် ပြန်မကြည့်ခဲ့ပါဘူး။
ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ပို ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်၊ တစ်ယောက်အသာ ရသွားတဲ့ ဆောက်သမ်တန် အသင်းကတော့ တန်းဆင်းဇုန်နဲ့ ဝေးရာဆီကို ပိုရောက်နိုင်ဖို့ တိုက်စစ်ကို
အားထည့်ပြီး ကစားခဲ့ပါတယ်၊ ဒုတိယပိုင်း အစမှာပဲ ဂိုးရနိုင်တဲ့ အနေအထား ရှိခဲ့ပြီး ဂိုးစည်းလိုင်းပေါ် ကနေ ဘစ်စ်ကာ ဖျက်ထုတ်နိုင်ခဲ့လို့သာ မန်ချက်စတာ ယူနိုက်တက် တို့ သက်သာရာ ရခဲ့တာပါ၊ ပထမပိုင်းမှာပဲ အဲရစ် တန်ဟက်ဂ် က
ဝက်စ်ဟော့စ် ကို ထုတ်ပြီး တွမ်မီနေး ကို ထည့်သွင်း အပြောင်းအလဲ လုပ်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ ဆောက်သမ်တန် အသင်းရဲ့ ဖိအား ပေးတာကိုသာ ရင်ဆိုင်ခဲ့ရပြီး ခံစစ်ကို ပိုမို အားပြုခဲ့ရပါတယ်။
ပွဲ ကစားချိန် ၆၄ မိနစ်မှာတော့ တန်ပြန် တိုက်စစ် ကနေ ဝဲလ်ကော့ ဘောလုံး ဆွဲပြေးလာပြီး ဂိုးသမားနဲ့ တဦးချင်း အနေအထားမျိုး တွေ့ခဲ့ပေမယ့် ဒီဂီယာ ကာကွယ် နိုင်ခဲ့ပါတယ်၊ ဒီဂီယာ က ပထမပိုင်းမှာလည်း အပိုင် ခေါင်းတိုက်ချက်ကို တကြိမ် ပုတ်ထုတ်ခဲ့သလို
ဝဲလ်ကော့ ရဲ့ ကန်ချက်ကိုလည်း ထပ်မံ ကာကွယ်နိုင်ခဲ့တာပါ၊ သူသာ ကာကွယ်ပုံ မကောင်းခဲ့ရင် မန်ချက်စတာ ယူနိုက်တက် တို့ ဂိုး စောစော ပေးနေခဲ့ရမှာ ဖြစ်ပြီး ပိုပြီး ခက်ခဲတဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့မှာပါ၊ ဆောက်သမ်တန် က ဂိုးရဖို့ ဆက်တိုက် ဖိအားပေးနေခဲ့ပေမယ့်
အဆုံးသတ်ပိုင်း အားနည်းတာက သူတို့အတွက် နစ်နာခဲ့ရပါတယ်၊ ၆၈ မိနစ်မှာ ဖာနန်ဒက်စ် ရဲ့ အနိမ့်ဘော ကန်သွင်းချက် ဆောက်သမ်တန် ဂိုးသမား ပုတ်ထုတ်ရာမှာ တိုင်ထိ ထွက်ခဲ့လို့ မန်ချက်စတာ ယူနိုက်တက် တို့ ဦးဆောင်ဂိုး ရမယ့်
အခွင့်အရေး ဆုံးရှုံး ခဲ့ရပါတယ်၊ ဂိုးပြီလို့ ထင်မှတ် ခဲ့ရပေမယ့် ဘောလုံးက တိုင်ထိပြီး ထောင့်ကန်ဘော ဖြစ်သွားခဲ့တာပါ၊ သိပ်မကြာခင်ပဲ ဆောက်သမ်တန် ကလည်း ထောင့်ကန်ဘောက တဆင့် ဝေါ်ကာပီတာစ် ကန်ချက် တိုင်ထိ ထွက်သွားလို့သာ ဂိုးမရခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက် ကတော့
တိုက်စစ် ဆင်နေရင်း ဘောလုံး ဆုံးရှုံးတိုင်းမှာ ဆောက်သမ်တန် အသင်းရဲ့ တိုက်စစ် စတင်တာကို မနည်း ထိန်းချုပ်နေခဲ့ ရပါတယ်။ ဆောက်သမ်တန် ကတော့ အိုးလ်ထရက်ဖို့ဒ် ကနေ သရေ တစ်မှတ် ရယူနိုင်ခဲ့လို့ အဖိုးတန် ရမှတ်လို့ ဆိုရမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ သရေ တစ်မှတ် ရအောင် မနည်း ရုန်းကန်ခဲ့ရကာ တစ်ဘက် တစ်မှတ်စီ ခွဲယူသွားခဲ့ ကြပါတယ်။
credit