ဒါလေ့ာရဲ့ အောင်ပွဲခံပုံကို ယူနိုက်တက်ပရိသတ်တွေ သဘောကျတွေ့ခဲ့ကျသလို့ ခံစစ်အတွဲကလည်း လေမတိုး ခံစစ်လို့ တင်စားနေပါပြီ..

မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်စတာကို အဝေးကွင်းမှာ အနိုင်ယူပြီး ၃ပွဲဆက်တိုက်နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။ နိုင်ပွဲနဲ့အတူ ပေးဂိုးမရှိစံချိန်ကိုပါ ၂ပွဲဆက်တိုက်ရယူနိုင်ခဲ့ပြီး နောက်ဆုံး ၃ ပွဲမှာ ၁ ဂိုးသာပေးခဲ့ရတဲ့အထိ ယူနိုက်တက်ရဲ့ခံစစ်က တောင့်တင်းလာခဲ့ပြီး အဖွင့်ပွဲနှစ်ပွဲမှာ ၆ ဂိုးအထိပေးခဲ့ရတာကို ချေဖျက်နိုင်ခဲ့ပါတယ်။




တန်ဟက်ဂျ်က သူ့အသင်းခံစစ်မှာ ဒါလော့၊ ဗာရန်း၊ မာတီနက်ဇ်နဲ့ မာလာစီယာတို့ကို ပင်တိုင်အသုံးပြုလာတာ ၃ ပွဲအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ ရာသီအစမှာ ဆိုးရွားလွန်းတဲ့ ခံစစ်တန်းကို ကစားသမားအပြောင်းအလဲတွေပြုလုပ်ခဲ့ချိန်မှာ ယူနိုက်တက်ခံစစ်က အသွင်ပြောင်းသွားခဲ့​ပြီး ပြိုင်ဘက်တွေကို သွင်းဂိုးလွယ်လွယ်နဲ့ ခွင့်မပြုတော့တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။




ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ယုံကြည်မှုကလည်း တော်တော်လေးအားကောင်းနေတာကို မြင်တွေ့နေရတာပါ။ မနေ့ပွဲမှာလည်း ဒါလော့က လက်စတာကစားသမားဘားနက်စ်ရဲ့ ထိုးဖောက်လာမှုကို ဧရိယာထဲမှာ ဟန့်တားဖျက်ထုတ်နိုင်ခဲ့ပြီး ဘောလုံးက ဘားနက်စ်နဲ့ပြန်ထိတာ ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။ ဒါလော့က ကွင်းလယ်ဒိုင်ကို လက်ထောင်ပြကာ ဂိုးလွန်ဘောလို့ အချက်ပြခဲ့ပြီး ဒိုင်ကလည်း သတ်မှတ်ပေးချိန်မှာတော့ အားပါးတရအောင်ပွဲခံခဲ့ပါတယ်။




ဒါလော့ရဲ့ ဟန့်တားခဲ့မှုကို အသင်းဖော်မာတီနက်ဇ်၊ ဗာရန်းနဲ့ တော်မီနေးတို့ကလည်း ဂုဏ်ပြုခဲ့ကြပြီးတော့ ချီးကျူးခဲ့ကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဒါလော့ရဲ့ အပြုအမူကို သဘောကျနေပြီး ထောင့်ကန်ဘောမပေးရတာ၊ ဟန့်တားနိုင်တာအတွက် စိတ်ဓာတ်ပြင်းပြင်းပြပြနဲ့ အောင်ပွဲခံခဲ့လို့ ကစားသမားတွေရဲ့ ကွင်းတွင်းအမူအကျင့်နဲ့ ခံယူချက်တွေက ပြောင်းလဲလာပြီလို့ ချီးကျူးခဲ့ကြပါတယ်။




ဂိုးသမားဒီဂီယာကလည်း ခံစစ်ပိုင်းက သူ့ကိုအကာအကွယ်ပေးထားနိုင်ခဲ့လို့ ဂိုးပေါက်ကိုပဲ ပိုလုံခြုံအောင်အာရုံစိုက်လာနိုင်ခဲ့ပါတယ်။ မက်ဒီဆန်ရဲ့ အလွတ်တည်ကန်ဘောကိုလည်း လှလှပပပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ၂ပွဲဆက်တိုက်ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မက်ဂွိုင်းယားကို အရန်ခုံထိုင်ခိုင်းပြီးနောက်မှာ ယူနိုက်တက်ခံစစ်ပိုင်းက ချက်ချင်းပဲ ပြောင်းလဲခဲ့ပြီး ထိုးဖောက်ရခက်တဲ့အနေအထားဖြစ်လာခဲ့လည်းဖြစ်ပါတယ်။




crd