တိုမီနေး Vs ကက်စ်မဲရိုစကို နှိုင်းယှဥ်ရင်း ဘယ်သူပိုကောင်းလဲဆိုတာ ထုတ်ပြောလာတဲ့ တန်ဟက်

အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူကက်စ်မဲရိုးကို အရန်လူစာရင်းမှာပဲ ထားခဲ့တဲ့အကြောင်းကို မန်ချက်စတာယူနိုက်တက်နည်းပြတန်ဟက်ဂျ်က ရှင်းပြလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ ယူနိုက်တက်ကိ ယူရိုသန်း ၆၀ နဲ့ ပြောင်းရွှေ့လာတဲ့ ဘရာဇီးလ်သားဟာ အိုးထရက်ဖို့ဒ်ကိုရောက်ကတည်းက အရန်လူအဖြစ်နဲ့သာ ကစားနေရတာလည်းဖြစ်ပါတယ်။




တန်ဟက်ဂျ်ဟာ လီဗာပူးလ်၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ပွဲတွေမှာလည်း အသင်းလူစာရင်းကို တမျိုးတည်းသာ အသုံးပြုခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ တနေရာတည်းသာအပြောင်းအလဲလုပ်ခဲ့တာပါ။ အဲဒါကတော့ အီလန်ဂါနေရာမှာ အန်တိုနီကို ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပြီး ကျန်နေရာတွေက အပြောင်းအလဲမရှိခဲ့ပါဘူး။ အန်တိုနီကလည်း ပထမဆုံးပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းသစ်ကို အကောင်းဆုံးမိတ်ဆက်နိုင်ခဲ့ပါတယ်။




ကွင်းလယ်ပိုင်းမှာ တန်ဟက်ဂျ်က အဲရစ်ဆန်၊ ဖာနန်ဒက်စ်နဲ့ မက်တော်မီနေးတို့ကိုပဲ ပင်တိုင်အသုံးပြုနေပြီး ကက်စ်မဲရိုးကို မထည့်သွင်းတာ ဘာလို့လဲဆိုတဲ့ မေးခွန်းကို Sky Sports က မေးခဲ့ရာမှာတော့ “သူက အသင်းသစ်ကိုရောက်နေတာပါ၊ အသင်းနဲ့အထိုင်ကျဖို့လိုပါတယ်၊ ကျနော်ကစားချင်တဲ့ ဘောလုံးကစားဟန်မှာ သူ အဆင်ပြေဖို့အတွက် ကြိုးစားနေပါတယ်၊ ပြီးတော့ နောက်တခုက မက်တော်မီနေးက အရမ်းကစားပုံကောင်းနေတယ်လေ” လို့ ပြောဆိုခဲ့ပါတယ်။




ဒါပေမယ့်လည်း တန်ဟက်ဂျ်ဟာ ကစားသမားသစ်အန်တိုနီကိုတော့ အာဆင်နယ်နဲ့ပွဲမှာ ပွဲထုတ်ခဲ့ပါတယ်။​ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း တန်ဟက်ဂျ်က “ကျနော်တို့ကစားချင်တဲ့ပုံစံကို သူသိပြိးသားပါ၊ သူ့ဆီကနေ ဘာတွေမျှော်လင့်ထားလဲ၊ ဘာတွေတောင်းဆိုထားလဲဆိုတာကိုလည်း သူသိပါတယ်၊ တဦးချင်းအနေအထားတွေမှာ သူ့ရဲလျင်မြန်မှုက တိုက်စစ်ပိုင်းခြိမ်းခြောက်မှုတွေကို လုပ်နိုင်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။




အန်တိုနီကတော့ တန်ဟက်ဂျ်ရဲ့ အားကိုးရတဲ့တပည့်အဖြစ် အေဂျက်ဇ်မှာရှိခဲ့သူဖြစ်လို့ ယူနိုက်တက်မှာ အခက်အခဲမရှိနိုင်ဘူးလို့ တန်ဟက်ဂျ်က ယုံကြည်ခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း အရေးကြီးတဲ့ပွဲစဉ်မှာတောင် ပွဲထွက်အသုံးပြုခဲ့တာဖြစ်ပါတယ်crd