ရာသီကုန်မှာ ယူနိုက်တက်တို့ ထင်မှတ်မထားတဲ့ အဆင့်နဲ့ပဲ ရာသီသိမ်းမယ်လို့ ခန့်မှန်းသွားခဲ့တဲ့ စူပါကွန်ဗျုတာ
|ပရီးမီးယားလိဂ်ပွဲစဉ် (၆)အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပေမဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို နှစ်စဉ်ထည့်သွင်း တွက်ချက်ဟောကိန်းထုတ် အသုံးပြုလေ့ရှိတဲ့ စူပါကွန်ပြူတာက ယခုနှစ်ရာသီကုန်မှာလည်း ယူနိုက်တက်အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက် ကစားခွင့်ကနေ ဆက်လက်လွဲချော်ဖွယ်ရှိတယ်လို့ အဖြေထုတ်ပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့နောက်ဆုံးကစားထားခဲ့တဲ့ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာ၊ အာဆင်နယ်အသင်းတို့ကို ဆက်တိုက်ဆိုသလို အနိုင်ရယူထားခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေည၌ အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်တွင် ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို ၃ဂိုး – ၁ဂိုး နဲ့ အနိုင်ရယူနိုင်ခဲ့အပြီးမှာ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ၃မှတ်အကွာအနေထားကို ရောက်ရှိလာခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၅နေရာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဘောလုံးအားကစားနဲ့ ပက်သက်တဲ့ ကြေးဖွင့်လှစ်မှုဆိုင်ရာကိန်းဂဏန်းတွေကို အဓိက တွက်ချက်ဖော်ပြလေ့ရှိတဲ့ စူပါကွန်ပျူတာက ယူနိုက်တက်အသင်းအနေဖြင့် ရာသီကုန်မှာလည်း လက်ရှိရပ်တည်နေတဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅နေရာကဲ့သို့ ထိပ်ဆုံး ၄ သင်းအပြင်ဘက်မှာသာ ရပ်တည်ပြီးတော့ ချန်ပီယံလဂ်ဝင်ရောက် ကစားခွင့်ကနေ ၂နှစ်ဆက် လွဲချော်လိမ့်မယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘောလုံးသုံးသပ်သူအများစုကတော့ ရာသီကုန်မှာ ယူနိုက်တက်အသင်းအနေဖြင့် အဆင့် ၄အတွင်း ဝင်ရောက် ခွင့် ရလိမ့်မယ်လို့ မှတ်ချက်ပြုနေခဲ့ကြတာပါ။ စူပါကွန်ပျူတာရဲ့တွက်ချက် အဖြေထုတ်မှုမှာ ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ၃ နှစ်ဆက် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပေးခဲ့ပြီး ဂျာဂန်ကလော့ရဲ့ လီဗာပူးအသင်းက အဆင့် ၂၊ လန်ဒန်ကလပ်အခြေစိုက် ကလပ်အသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ်အသင်းနဲ့ ကွန်တီရဲ့ တော့တင်ဟမ်အသင်းတို့က အဆင့် ၃/၄ နေရာတွေကို အစဉ်လိုက် ရပ်တည်နိုင်ပါလိမ့်မယ်လို့ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
crd