ရော်နယ်ဒိုနဲ့ဖြစ်သွားတဲ့ကိစ္စကို သတိရှိစွာ တခုမကျန်ပြန်ပြောပြရင်း အသင်းနဲ့လမ်းခွဲခံလိုက်ရတဲ့ တူချယ်
|ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ဟာ ရော်နယ်ဒိုကိုခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အသင်းပိုင်ရှင် တော့ဒ်ဘိုလီရဲ့ ဆန္ဒကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ဒီအရာက သူတို့နှစ်ယောက်အကြား ဆက်ဆံရေးကို အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ရော်နယ်ဒိုက ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပါတယ်။
တော့ဒ်ဘိုလီကိုယ်တိုင်ကလည်း သူ့ရဲ့ ပထမဆုံး အပြောင်းအရွှေ့ကာလမှာ ရော်နယ်ဒိုလို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ဖြစ်နေတဲ့ ကစားသမားမျိုးကို ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က တူဟယ်လ်ရဲ့ ကန့်ကွက်မှုကြောင့် မဖြစ်လာခဲ့တာကိုလည်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာတော့ မီဒီယာတွေက တူဟယ်လ်ပြောကြားခဲ့တဲ့ အသေးစိတ်နဲ့ ပတ်သက်လို့ ဖွင့်ဟလာပါတယ်။
ခရစ္စတီယန်ဖော့ခ်က “ရော်နယ်ဒိုက သူ့အဝတ်လဲခန်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဖျက်ဆီးပစ်လိမ့်မယ်လို့ တူဟယ်လ်က တော့ဒ်ဘိုလီကို ပြောခဲ့ပါတယ်” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကစလို့ တော့ဒ်ဘိုလီက တူဟယ်လ်နဲ့ မျက်နှာချင်းမဆိုင်တော့ဘဲ နှစ်ယောက်အကြား ဆက်ဆံရေး ပျက်စီးသွားခဲ့တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း ယူနိုက်တက်ပြိုင်ဘက်ရယ်လို့ သဘောမထားဘဲ ချဲလ်ဆီးကသာ အမှန်တကယ်ခေါ်ယူမယ်ဆိုရင် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့တာပါ။
ဒါပေမယ့် တူဟယ်လ်က ယူနိုက်တက်နည်းပြဟောင်း ရန်းနစ်ဂ်နဲ့လည်း တိုင်ပင်ခဲ့ပြီး ရန်းနစ်ဂ်လက်ထက် အဝတ်လဲခန်းအတွင်းပြိုလဲမှုကို ဖန်တီးခဲ့တယ်လို့ ယူဆရတဲ့ ရော်နယ်ဒိုကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီရာသီ အစောပိုင်း ရလဒ်ဆိုးရွားချိန်မှာတော့ တူဟယ်လ်တယောက် အချိန်မရတော့ဘဲ ချက်ချင်းဆိုသလို ရာထူးကနေ အထုတ်ခံလိုက်ရတာပါ။
တူဟယ်လ်ဟာ ရော်နယ်ဒိုအစား ဒေါ့မွန်မှာ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီးယန်းကိုသာ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အူဘာမီးယန်းက ချဲလ်ဆီးအတွက် ပွဲချိန် (၅၉) မိနစ်သာ ကစားပြီးရချိန်မှာတင် တူဟယ်လ်ကို ချဲလ်ဆီးဘုတ်အဖွဲ့က ရက်ရက်စက်စက် ဆုံးဖြတ်ခဲ့ပြီး ဒါက ရော်နယ်ဒိုနဲ့ပတ်သက်လို့ တူဟယ်လ်ဆန့်ကျင်ခဲ့တာကြောင့်လို့လည်း ယူဆရမှာဖြစ်ပါတယ်။
crd