ကစားပုံ အပေါ် ပြစ်တင် ဝေဖန်ခဲ့တဲ့ ဂယ်ရီနဗီးလ် ကို တုန့်ပြန် ပြောဆိုလိုက်တဲ့ အန်တိုနီ
|မန်ချက်စတာ ယူနိုက်တက် ကစားသမား အန်တိုနီက အာဆင်နယ်နဲ့ ပွဲမှာ သူပြသခဲ့တဲ့ ခြေယောင်ပြမှု အပေါ် ဝေဖန်ခဲ့ကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့ နှစ်ယောက်ကို ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာ အန်တိုနီက မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သလို ဇင်ချန်ကိုနဲ့ အတွေ့မှာလည်း မလိုအပ်ဘဲ ခြေယောင်ပြနေတာမျိုး ပြုလုပ်ခဲ့မိတာပါ၊ ဒီအပေါ် ဂယ်ရီနဗီးလ်က အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အန်တိုနီကို ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ကာရေဂါ ကလည်း သူတို့ ကစားနေတဲ့ ခေတ်မှာသာ အန်တိုနီ ဒါမျိုးလုပ်ရင် နောက်ပွဲတွေမှာ အရံခုံမှာပဲ ထိုင်နေရတော့မှာ ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ အန်တိုနီက တော့ ဂရုမစိုက်ဘဲ အခုလို တုံ့ပြန်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဝက်ဘ်ဆိုက်နဲ့ တရားဝင် တွေ့ဆုံခန်းမှာ အန်တိုနီက- ကျွန်တော် ဒါမျိုးကို အမြဲတမ်း လုပ်ခဲ့တာပါ၊ မန်ချက်စတာ ယူနိုက်တက် ရောက်မှ လုပ်တာလည်း မဟုတ်ပါဘူး၊ ကျွန်တော် ကစားပေးခဲ့တဲ့ အသင်းတိုင်း အတွက်
ကျွန်တော် ဒီလို ပုံစံမျိုးကို ပြသခဲ့ပါတယ်၊ နောက်ပြီး ဒါမျိုး ခြေယောင်ပြတာ ကျွန်တော် ကလေးဘဝ ကတည်းက လုပ်လာခဲ့တဲ့ အရာပါ၊ ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ ထူးခြားချက်တွေထဲက တခု အပါအဝင်ပဲ ဖြစ်ပါတယ်၊ အခုဆို ကျွန်တော် ဒီမှာ အသားကျနေပြီး အရာအားလုံးနဲ့လည်း အဆင်ပြေနေပါပြီ။
ဖျော်ဖြေရေး ဆိုတာက ကျွန်တော် အမြဲတမ်း ကြိုက်နှစ်သက်ခဲ့တဲ့ အရာ ဖြစ်ပြီး ဒါကို ဘယ်သူ ဘာပြောပြော ရပ်တန့်ဖို့ အစီအစဉ် ကျွန်တော့်မှာ မရှိပါဘူး၊ ဆက်လက် လုပ်ဆောင်သွားမှာပါ၊ လို့ အန်တိုနီက တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ်။
အန်တိုနီ ပွဲဦးထွက် ဂိုးသွင်းခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်၊ ဘရာဇီးသားဟာ ပြီးခဲ့တဲ့ ၂၀၂၀ မှာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ခေါ်ယူမှုနဲ့ အတူ ဆော်ပေါ်လိုကနေ အေဂျက်စ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။
အေဂျက်စ်မှာတော့ အသက် ၂၂ နှစ်အရွယ် အန်တိုနီဟာ လိဂ်ပွဲ ၅၇ ပွဲ ကစား ၁၈ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီမှာတော့ အဲရစ် တန်ဟက်ဂ် ပြောင်းရွှေ့လာတဲ့ မန်ချက်စတာ ယူနိုက်တက် ကို လိုက်ပါ ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။
credit