အဲရစ် တန်ဟက်ဂ် နဲ့ အတူ မန်ချက်စတာ ယူနိုက်တက် ကို ကိုင်တွယ်လိုကြောင်း ဖွင့်ပြောလာတဲ့ ဖလား သုံးလုံး ချန်ပီယံ
|Manchester United ကစားသမားဟောင်းကြီး ဂျက်စတမ်းက အသင်းအပေါ် ချစ်မြတ်နိုးစိတ်ကြောင့် အသင်းက အလိုရှိမယ် ဆိုရင် အသင်းနဲ့ ပူးပေါင်းသွားဖို့ အဆင့်သင့် ရှိကြောင်းနဲ့ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ နည်းပြအဖွဲ့ဝင် အဖြစ် ပါဝင်သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
လက်ရှိ အသက် ၅၀ ရှိပြီ ဖြစ်တဲ့ နယ်သာလန် ကစားသမားဟောင်းကြီး ဂျက်စတမ်းဟာ ကစားသမားဘဝတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၁ ခုနှစ် အထိ ပါဝင် ကစားခဲ့သလို ၁၉၉၉ ခုနှစ်မှာ အသင်းနဲ့ အတူ ဖလား ၃ လုံး ချန်ပီယံပါ ဖြစ်ခဲ့ပါတယ်၊ ဂျက်စတမ်းက မန်ချက်စတာ ယူနိုက်တက်မှာ ၃ ရာသီသာ ပါဝင် ကစားခဲ့ပေမယ့် အသင်းအပေါ် ချစ်မြတ်နိုးစိတ် ကြီးမားတာကြောင့်
တကယ်လို့ အသင်းဘက်က ဒါမှမဟုတ် သူရဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အလိုရှိမယ် ဆိုရင် ပူးပေါင်းသွားဖို့ အဆင့်သင့် ရှိနေတယ်လ်ို့ ပြောကြားလာခဲ့ပါတယ်။
အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သတ်ပြီး ဂျက်စတမ်းက ကျွန်တော် မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ စကား မပြောဖူးပါဘူး၊ အသင်းရဲ့ ဘယ်သူကမှ အကြောင်းပြချက် တစ်ခုခုနဲ့ ခေါ်တာမျိုးလည်း မရှိပါဘူး၊ ဒါပေမယ့် ဘောလုံးမှာ ဒီလိုပါပဲ၊ နည်းပြသစ် ရောက်လာတဲ့ အခါမျိုး အဲဒီ နည်းပြက သူနဲ့ သိတဲ့သူ ယုံကြည်တဲ့ သူတွေနဲ့
အချို့သော နည်းလမ်းတွေနဲ့ ကူညီပေးနိုင်သူများကိုပဲ သူရဲ့ နည်းပြ အဖွဲ့ဝင်တွေ အဖြစ် ဖိတ်ခေါ်တတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော် အရင်က ပြောခဲ့သလိုပဲ မန်ချက်စတာ ယူနိုက်တက် က ကျွန်တော် နှစ်သက်တဲ့ အသင်းပါ၊ ကျွန်တော်က အဲ့ဒီမှာ ကစားသမားတစ်ယောက် အနေနဲ့ သာမန်လူတစ်ဦး အနေနဲ့ပါ ကြီးပြင်းလာခဲ့တယ်၊ သူတို့က ကျွန်တော့်ကို
ပိုသန်မာလာအောင် လုပ်ပေးနိုင်တယ်၊ ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်လို ကစားသမားမျိုးလဲ ဆိုတာ သိလာအောင်လည်း လုပ်ပေးနိုင်တယ်၊ကျွန်တော် ဒီအသင်းနဲ့လည်း သမိုင်းတွေ ရေးထိုးခဲ့တယ်၊ ဒါကြောင့် သူတို့တွေသာ ကျွန်တော့်ကို လိုအပ်မယ် ဆိုရင် သူတို့ကို ဘယ်နည်းနဲ့မဆို ကူညီပေးနိုင်မယ် ဆိုရင် ကျွန်တော့်ဘက်က အမြဲတမ်း ကူညီပေးသွားဖို့ အဆင့်သင့်ပါပဲ။ လို့ အခိုင်အမာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
credit