ခက်ခဲကြမ်းတမ်းတဲ့ ငယ်ဘဝ အကြောင်း ပြောပြလာတဲ့ အန်တိုနီ
|မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီက သူ့ရဲ့ ငယ်ဘဝဟာ ခက်ခဲစွာနေထိုင်ခဲ့ရကြောင်း ဘောလုံးသမား တစ်ယောက် ဖြစ်လာဖို့ ဘယ်လို ကြိုးစား ရုန်းကန်ခဲ့ရသလဲ ဆိုတာတွေကို ထုတ်ပြောသွားခဲ့ပါတယ်။ ဘရာဇီးသားဟာ ရှေ့က ဘရာဇီး ဘောလုံး အကျော်အမော် အများစုရဲ့ ဘ၀ဖြတ်သန်းမှု ပုံစံအတိုင်း ချို့တည့်တဲ့ မိသားစုကနေ ပေါက်ဖွား ကြီးပြင်းလာခဲ့ရပြီး ဘောလုံးဟာ သူတို့ကို လွတ်မြောက်ရာလမ်းစ ဖြစ်စေခဲ့ပါတယ်။
နယ်သာလန် ကလပ် အိုင်ယက်စ်ကို ရောက်လာပြီး အဲရစ် တန်ဟက်ဂ် လက်အောက်မှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့ အန်တိုနီဟာ ယခုနွေရာသီ အပြောင်းအရွှေ့မှာတော့ ဆရာဟောင်း တန်ဟက်ဂ် ပြောင်းရွှေ့သွားတဲ့ အင်္ဂလန် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းထံ လိုက်လံပြောင်းရွှေ့ခဲ့ပါတယ်။
အန်တိုနီရဲ့ ယူရို သန်း ၁၀၀ တန် အပြောင်းအရွှေ့ဟာ နယ်သာလန်လိဂ်ရဲ့ စံချိန်သစ်ဖြစ်ခဲ့ပြီး ၂၂ နှစ်သား အတွက် များပြားတဲ့ ငွေကြေးကို အသုံးပြုမှုအပေါ် ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်၊ ဒါပေမယ့် အန်တိုနီဟာ ပထမဆုံး ကစားခွင့်ရတဲ့ အာဆင်နယ်နဲ့ ပွဲမှာ အသင်းအတွက် ဂိုးစသွင်းပေးခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အလျင်အမြန် ရယူနိုင်ခဲ့ပါတယ်။
ကျွန်တော်က ဖာဗဲလာက အနေအေးတဲ့ ကောင်လေးတယောက်ပါ၊ လို့ Sky Sports သတင်းဌာနနဲ့ အင်တာဗျူး အစီအစဉ်မှာ အန်တိုနီက သူ့ရဲ့ငယ်ဘ၀ အကြောင်း ဖွင့်ဟပြောခဲ့ပါတယ်၊ ကျွန်တော့မှာ အိပ်ယာ မရှိပါဘူး၊ ဆိုဖာပေါ်မှာပဲ အိပ်ရတာပါ၊ ကျွန်တော်နေတဲ့ နေရာက ဖာဗဲလာ အလယ်ခေါင်နဲ့ သိပ်မဝေးပါဘူး၊ အိမ်နဲ့ ကိုက် ၂၀ လောက်မှာ ဆေးရောင်းတဲ့ သူတွေ
ရှိပါတယ်၊ စနေ တနင်္ဂနွေ ဘောလုံးပွဲကြည့်တဲ့ အခါမျိုးဆိုရင် ဆေးနံ့တွေက အိမ်ထဲထိ ဝင်လာတတ်တာပါ၊ အိမ်က မိုးမလုံပါဘူး၊ မိုးရွာတဲ့နေ့တွေ ဆိုရင် အိမ်ထဲမှာ ရေလိုက်ခံရပါတယ်၊ တချို့နေ့တွေမှာဆိုရင် ကျွန်တော်တို့ ညီကို မောင်နှမတွေ တယောက်ကို တယောက် ဖက်ငိုရတဲ့ အချိန်တွေတောင်ရှိပါတယ်။
ဘောလုံး စကစားတော့ ဘောကန်ဖိနပ်တောင် မဝယ်နိုင်ခဲ့ပါဘူး၊ အခု ကျွန်တော်ဒီကို အရောက်လာနိုင်ခဲ့ပါပြီ၊ ဂိုးပိုက် လှုပ်သွားချိန် အာဆင်နယ်နဲ့ ပွဲနဲ့ ဂိုးနောက်က ပရိသတ်တွေ ထအော်လိုက်တဲ့ အခိုက်အတန့်ဟာ ကျွန်တော့ဘဝမှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ အခိုက်အတန့် ပါ၊ ဒီဂိုးဟာ ကျွန်တော့ မိသားစု အတွက် ကျွန်တော့ ပရိသတ်တွေအတွက် သွင်းခဲ့တဲ့ ဂိုးပါ။ လို့ အန်တိုနီက ပြောဆိုခဲ့ပါတယ်။
အဲရစ် တန်ဟက်ဂ် ဟာ အန်တိုနီကို အာဆင်နယ်၊ ရီးရဲလ်ဆိုဆီဒက်တို့နဲ့ ပွဲမှာ ပွဲထွက်စာရင်းထဲကို ထည့်သွင်း အသုံးပြုခဲ့ပြီး အသင်းသစ်နဲ့ အသားကျစေဖို့ အတွက် ပွဲချိန်ပြည့် ပေးမကစားသေးဘဲ လူစားလဲခဲ့ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ အင်္ဂလန် ဘုရင်မကြီး ကွယ်လွန်မှုကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၇ ရော ၈ ပါ ရွှေ့ဆိုင်း လိုက်ရပေမယ့် ကြာသပတေးနေ့မှာ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ် ကတော့ မူလ အစီအစဉ်
အရင်အတိုင်း ကစားသွားမှာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ဟာ အဆိုပါနေ့မှာ မော်ဒိုဗာကလပ် ရှရစ်တီယာစပေါ် အသင်းကို အဝေးကွင်းမှာ ကစားရမှာဖြစ်ပြီး အဖွင့်ပွဲ ရှုံးနိမ့်ထားမှုကနေ ပြန်လည် နိုးထနိုင်ဖို့ လိုအပ်နေပါတယ်။ ယူရိုပါလိဂ်ပွဲ အပြီးမှာတော့ နိုင်ငံတကာ ပွဲစဉ်တွေ ရောက်ရှိလာမှာ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲတွေ ထပ်နားရဦးမှာ ဖြစ်ပြီး မန်စီးတီးနဲ့ ကစားမယ့် မန်ချက်စတာဒါဘီနဲ့ ပြန်လည် ဖွင့်လှစ်ဖွယ်ရှိနေပါတယ်။
credit